ဦးကျော်အေး
အတွဲ ၃၀ ၊ အမှတ် ၅၈၁ ( ၁၀ - ၁၆ ၊ ၈ ၊ ၂၀၁၂)
အတွဲ ၃၀ ၊ အမှတ် ၅၈၁ ( ၁၀ - ၁၆ ၊ ၈ ၊ ၂၀၁၂)
ဒါကြောင့် The Penal Code ကို မြန်မာဘာသာပြန်ဆိုထားတဲ့ ရာဇသတ်ကြီးဆိုတာ ဥပဒေမဟုတ်တဲ့အတွက် ဥပဒေကို ပြင်ဆင်ဖို့ လိုအပ်မယ် ဆိုလျှင် The Penal Code ကိုသာ မူရင်း ဘာသာစကားဖြစ်တဲ့ အင်္ဂလိပ်ဘာသာဖြင့် ပြင်ဆင်ရမှာ ဖြစ်တယ်" လို့ ဖြစ်ပါတယ်။ ဒီနေရာမှာ တည်ဆဲဥပဒေတစ်ရပ်ကို ပြင်ဆင်ရေးနှင့်ပတ်သက်လို့ ယခင်က အစဉ်အလာတွေကိုလည်း လေ့လာဖို့လိုမှာ ဖြစ်ပါတယ်။
ဥပဒေလောကမှာ 'အစဉ်အလာ' ဆိုတာ သိပ်အရေးကြီးတယ်။ ဥပဒေတွေပြဋ္ဌာန်းပြီး ခဏခဏ ပြန်ဖျက်၊ ပြန်ပြင်နေရတယ်ဆိုရင် ကောင်းတဲ့လက္ခဏာ မဟုတ်ဘူး။ နိုင်ငံ တစ်နိုင်ငံရဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေးနဲ့ စီးပွားရေး တည်ငြိမ်မှုမရှိဘူးဆိုတဲ့ အချက်ကို ပြနေတာ ဖြစ်တယ်။
နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွား ရေးတည်ငြိမ်မှုမရှိဘူးဆိုရင် ဒီနိုင်ငံဟာ တိုးတက်မှု မရှိတဲ့နိုင်ငံဖြစ်တယ်လို့ အသေအချာ ပြောနိုင်တယ်။ ဒါပေမယ့် တစ်ဖက်ကကြည့်ရင်လည်း ဥပဒေတွေကို ဖြစ်ပေါ်တိုးတက်နေတဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး ကိစ္စတွေနဲ့ အံဝင်ခွင်ကျဖြစ်အောင်ပြင်ပေးဖို့ လိုအပ်တယ် ဆိုတာကိုလည်း လက်ခံရမှာဖြစ်ပါတယ်။
ဥပဒေတစ်ရပ်ကို ခေတ်အလိုက် လိုအပ်ချက်နဲ့အညီ ပြင်ဆင်အသုံးပြု သွားနိုင်တယ်ဆိုရင် ဒီဥပဒေဟာ လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေး မှုထဲကို စိမ့်ဝင်သွားပြီဖြစ်လို့ အလွန်ခိုင်မာသွားပြီ။ ဒီတော့ ဥပဒေပြင်ဆင်ပြဋ္ဌာန်းရေးကိစ္စတွေမှာ အဲဒီ 'အစွန်း'တစ်ဖက်ဖက်ကို မရောက်စေဖို့တော့ သတိပြုကြရမှာပေါ့။
ဥပဒေလောကမှာဆိုရင် အမြင့်ဆုံး တရားရုံးရဲ့ဆုံးဖြတ်ချက်ဖြစ်တဲ့ 'စီရင် ထုံး'တွေကို အကြောင်းခြင်းရာချင်းတူတဲ့ အမှုတွေမှာ လမ်းညွှန်အဖြစ် လက် အောက်ခံတရားရုံးတွေက ခေတ် အဆက်ဆက် လိုက်နာကျင့်သုံးကြရတယ်။ အဲဒီလိုမဟုတ်ရင် 'တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်း' ဆိုသလိုဖြစ်ပြီး ပြည်သူတွေရဲ့လူမှုဘ၀ တွေမှာ တည်ငြိမ်မှုမရှိ၊ ပရမ်းပတာတွေ ဖြစ်ကုန်မှာပေါ့။
ဒီတော့ ဥပဒေပြင်ဆင် တဲ့ အစဉ်အလာတွေကို ကြည့်ကြရ အောင်။ အင်္ဂလိပ်အုပ်ချုပ်တဲ့ခေတ်ကတော့ အင်္ဂလိပ်ဘာသာဟာ ရုံးသုံး ဘာသာဖြစ် တဲ့အတွက် ဥပဒေတွေကို အင်္ဂလိပ်လိုပဲ ပြဋ္ဌာန်းပြီး ပြင်ဆင်တယ်ဆိုရင်လည်း အင်္ဂလိပ်ဘာသာနဲ့ပဲ ပြင်ဆင်ခဲ့ကြတာဟာ သဘာဝကျပါတယ်။
လွတ်လပ်ရေး ရပြီး ပါလီမန်ဒီမိုကရေစီခေတ်မှာတော့ ဥပဒေများကိုပြင်ဆင်ရာမှာ မူလက အင်္ဂလိပ်ဘာသာဖြင့်ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေ ဆိုရင် အင်္ဂလိပ်ဘာသာနဲ့ပဲ အစအဆုံး ပြင်ဆင်ပြီး၊ မူလက မြန်မာဘာသာနဲ့ ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေဆိုရင်လည်း မြန်မာ ဘာသာနဲ့ပဲ ပြင်ဆင်ခဲ့ပါတယ်။ ဒီအစဉ် အလာကို ၁၉၇၄ ခုနှစ်မှာ 'ဆိုရှယ်လစ်' ဖွဲ့စည်းပုံအခြေခံဥပဒေမပေါ်မီ တော် လှန်ရေးကောင်စီခေတ် ကုန်ဆုံးချိန် အထိ ကျင့်သုံးခဲ့ပါတယ်။
ဒါပေမယ့် တစ်ခုခြားနားတာကတော့ ပြင်ဆင်ချက် ဥပဒေခေါင်းစီးဖြစ်ပါတယ်။ ပါလီမန် ဒီမိုကရေစီခေတ်မှာ ဥပမာအားဖြင့်
The Penal Code (Amendment ) Act လို့ ခေါင်းစီး(အမည်) တပ်သော်လည်း တော်လှန်ရေးကောင်စီခေတ်မှာတော့ ဥပမာအားဖြင့်
The Criminal Law Amending Law, 1963; The Rangoon Police Act Amending Law စသည်ဖြင့် အမည် တပ်တာကို တွေ့ရပါတယ်။
၁၉၇၄ ခုနှစ်ကစပြီး ယခုခေတ်အထိ မှာတော့ မူလဥပဒေရဲ့ ခေါင်းစီး (အမည်) ဟာ အင်္ဂလိပ်ဘာသာနဲ့ရှိပေမယ့် မြန်မာဘာသာ ပြန်ဆို သုံးစွဲခဲ့ပါတယ်။ ဥပမာ ၁၉၇၇ ခုနှစ်မှာ ပြည်သူ့လွှတ်တော် က ပြဋ္ဌာန်းခဲ့တဲ့ 'ကာလ စည်းကမ်းသတ် အက်ဥပဒေကို ပြင်ဆင် သည့် ဥပဒေ' ( မူရင်းဥပဒေက The Limitation Act )၊ ၁၉၈၉ ခုနှစ်မှာ န-၀-တ က ပြဋ္ဌာန်းခဲ့တဲ့ 'အစုစပ်လုပ်ငန်းအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ' ( မူရင်းဥပဒေက The Partnership Act )၊ ၂၀၀၈ ခုနှစ်မှာ န-ယ-က က ပြဋ္ဌာန်းခဲ့တဲ့ 'ဆိပ်ကမ်းများ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ' (မူရင်း ဥပဒေက The Ports Act ) စသည်များ ဖြစ်ကြပါတယ်။
( 'Act' နှင့်'The Law' ၊ 'အက်ဥပဒေနှင့် ဥပဒေ' တို့ ဘယ်လိုခြား နားသလဲလို့ အမေးခံရလို့ ဂျာနယ်နှစ်စောင်မှာ ဆောင်းပါး နှစ်ကြိမ် ရေးပြီး ရှင်းခဲ့ပြီးဖြစ်ပေမယ့် ယခုထိလည်း မေးကြတုန်းမို့ တစ်ကြိမ်ထပ်ရေးရဦးမလို ဖြစ်နေပြန်တယ်။ ) တည်ဆဲဥပဒေဖြစ်တဲ့
The Penal Codeကို ပြင်ဆင်တဲ့ဥပဒေ ကို ' ရာဇသတ်ကြီးဥပဒေကို ပြင်ဆင်သည့် ဥပဒေ' လို့ မြန်မာဘာသာဖြင့် အမည်ပေးတဲ့ ကိစ္စကတော့ ၁၉၇၄ ခုနှစ် နောက်ပိုင်းမှာကျင့်သုံးခဲ့တဲ့ အစဉ်အလာ နဲ့ကိုက်ညီတယ်လို့ ဆိုရမှာပါ။
ဒါပေမယ်လို့ ပြင်ဆင်မယ့် ပြဋ္ဌာန်းချက်ကိုတော့ အင်္ဂလိပ်ဘာသာနဲ့ ဖော်ပြရမှာပါ။ ၁၉၇၄ ခုနှစ်နောက်ပိုင်းမှာ ထူးခြား လာတာတစ်ခုက ပြင်ဆင်တဲ့ဥပဒေရဲ့ 'စာကိုယ်မှာ' မြန်မာနှင့် အင်္ဂလိပ် နှစ်ဘာသာရောပြီး ရေးတာပဲ။ ဥပမာ "ကာလစည်းကမ်းသတ် အက်ဥပဒေ၊ ပုဒ်မ---ကို အောက်ပါစကားရပ်ဖြင့် အစားထိုးရမည်" လို့ ခြေဆင်းမှာရေးပြီး အောက်မှာတော့ ပြင်ဆင်တဲ့စာသားကို မူရင်းဘာသာ ဖြစ်တဲ့ အင်္ဂလိပ်ဘာသာနဲ့ ရေးသားဖော်ပြခြင်း ဖြစ်ပါတယ်။
ပြည်သူအများ သိရှိနိုင်ရန် ယခုထုတ်ဝေထားတဲ့ 'တရားမကျင့်ထုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေ'၊ 'ရာဇ၀တ်ကျင့်ထုံး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ'၊ 'ပစ္စည်း လွှဲပြောင်းခြင်း အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ' စသည်တို့ကို သာဓကအဖြစ် ကြည့်ရှုနိုင်ပါတယ်။
မပြောမဖြစ်လို့ အစဉ်အလာတွေ၊ သမိုင်းကြောင်းတွေ ပြောနေရတာနဲ့ ဆောင်းပါးလည်း ရှည်သွားပြီ။ ဒီ ဆောင်းပါးနဲ့ ထပ်မံပြီး ပြောလိုတဲ့ အဓိကအချက်က တည်ဆဲဥပဒေဖြစ်တဲ့ The Penal Code ကို ပြင်ဆင်စရာရှိရင် ယခု ပြည်သူအများသိရှိရန် ထုတ်ပြန် ထားတဲ့ တရားမကျင့်ထုံးဥပဒေ၊ ရာဇ၀တ် ကျင့်ထုံးဥပဒေ စတာတွေကို ပြင်ဆင်တဲ့ ပုံစံအတိုင်း အင်္ဂလိပ်ဘာသာဖြင့် ပြင်ဆင် ရမှာဖြစ်ပါတယ်။
(ဆိုရှယ်လစ်ခေတ်က မသုံးလိုတဲ့ 'ရာဇသတ်'၊ 'ရာဇ၀တ်' ဆိုတဲ့ ဝေါဟာရအဟောင်းတွေကို ပြန်လည် သုံးတော့မယ်ဆိုတဲ့ သဘောကို လည်း တွေ့ရတယ်)။ အဲဒီလိုဆိုရင် ယခုထုတ် ပြန်ထားတဲ့ 'ရာဇသတ်ကြီးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း' ဆိုတာကို လွှတ်တော်(များ)ကို တင်ပြဖို့ မဖြစ်နိုင်တော့ဘူး။
အထက်မှာဖော်ပြခဲ့တဲ့ အစဉ်အလာများနဲ့အညီ ပြင်ဆင်ချက်တွေကို အင်္ဂလိပ် ဘာသာ ဖြင့် ရေးသားပြီး မူရင်း ဥပဒေမှာ အစားထိုး ရမှာ ဖြစ်ပါတယ်။ လက်ရှိ 'ရာဇသတ်ကြီး'မှာတော့ မြန်မာ ဘာသာပြန်ဆိုတဲ့အနေနဲ့ ပြင်ဆင်သင့်ပါတယ်။ မြန်မာဘာသာပြန် ဥပဒေ ကို လွှတ်တော်ကို တင်ပြဖို့၊ လွှတ်တော်က ပြဋ္ဌာန်းပေးဖို့လိုမှာ မဟုတ်ပါဘူး။
ယခုထုတ်ပြန်ထားပြီးဖြစ်တဲ့ ဥပဒေ ကြမ်းတိုင်းရဲ့ အောက်ခြေမှာ "ပြည်သူအများ သိရှိလေ့လာ အကြံပြုနိုင်ရေးအတွက် ဖော်ပြခြင်း ဖြစ်ပါသည်" လို့ ဖော်ပြထားပါတယ်။ ဒီကိစ္စအတွက် ပြည်သူအများဆိုတာကို နှစ်ပိုင်းခွဲခြား ရမယ်ထင်တယ်။ တစ်ပိုင်းက 'ဥပဒေ သမားများ' နဲ့ ကျန်တစ်ပိုင်းက 'ဥပဒေ သမားမဟုတ်သူများ' ဖြစ်ပါတယ်။
ဥပဒေသမားမဟုတ်တဲ့ ပြည်သူတွေက ဥပဒေကြမ်းများနဲ့ပတ်သက်လို့ အကြံပြု ချက်တွေက သူတို့ရဲ့ 'လောကအမြင်' အရ အကြံပြု တာတွေဖြစ်လို့ 'မူ' သဘော မှာ အကျုံးဝင်တဲ့အကြံပေးချက်တွေဖြစ်မယ်။ Technicalities လို့ခေါ်တဲ့ ဥပဒေ ရေးဆွဲခြင်းဆိုင်ရာ အတတ်ပညာနဲ့ ပတ်သက်လို့တော့ သိပ်ပါနိုင်မှာ မဟုတ်ဘူး။
ဝေါဟာရအသုံးအနှုန်း၊ ၀ါကျ ဖွဲ့စည်းတည်ဆောက်ပုံ စတဲ့ အချက် တချို့တော့ ပါနိုင်ပါတယ်။ ဥပဒေသမား များရဲ့ အကြံပြုချက် ဆိုရင်တော့ ဥပဒေဆိုင်ရာမူသဘောအပြင်၊ အတတ်ပညာ ဆိုင်ရာ ကိစ္စတွေလည်း ပါပါလိမ့်မယ်။
အတတ်ပညာဆိုင်ရာကိစ္စတွေကတော့ ဥပဒေကြမ်းရဲ့ သက်ဆိုင်ရာပုဒ်မ တစ်ခု ချင်းအလိုက် စိစစ်ချက်တွေ ပါရှိနိုင်ပါ တယ်။ (လက်ရှိ လွှတ်တော်တွေမှာတော့ 'ပုဒ်မ'လို့မသုံးဘဲ 'အပိုဒ်' လို့ သုံးတာကို သတိထားမိတယ်။ ဒီကိစ္စနဲ့ပတ်သက် လို့ တပည့်တစ်ယောက်က 'ပုဒ်မ' လို့သုံးရ မှာ မဟုတ်ဘူးလား၊ ဘာလို့ 'အပိုဒ်' လို့ သုံးတာလဲလို့ မေးတာနှင့် 'ဟဲ့- နင့်ပါးစပ် ပိတ်ထား၊ ဆင်သွားရင် လမ်းဖြစ်တယ်' လို့ ပြန်'ဟောက်' လိုက်ရတယ်။
ဒါပေ မယ့် 'ဆင်သွားလျှင်လမ်းဖြစ်တယ်ဆိုပေ မယ်လို့လည်း အဲဒီလမ်းက ဖြောင့်ဖြူးသာယာဖို့နဲ့ ရေရှည်အကျိုးရှိဖို့တော့ လိုမှာပေါ့ နော။) အတတ်ပညာပိုင်းဆိုင် ရာစစ်စစ် အကြံပြုချက်တွေကိုတော့ သတင်းစာ/ ဂျာနယ်တွေမှာ (နေရာ အခက်အခဲကြောင့်) ဖော်ပြ နိုင်မယ်လို့ မထင်ဘူး။
'ရာဇသတ်ကြီးဥပဒေကို ပြင်ဆင် သည့် ဥပဒေကြမ်း' မှာလည်း ထောက်ပြ ပြောဆိုစရာတွေကတော့ ပုဒ်မတိုင်း (အဲ -အပိုဒ်တိုင်းမှာ) ရှိမှာပါ။ ဒီနေရာမှာ လောလောဆယ် တစ်ချက်ကိုပဲ ဥပမာ အဖြစ် ဖော်ပြလိုပါတယ်။ တည်ဆဲ ဥပဒေ မှာပါတဲ့ 'ငွေဒဏ်' (fine) ကို ပြင်ဆင်ဖို့ ကိစ္စပါ။
လွန်ခဲ့တဲ့နှစ် ၅၀/၁၀၀ လောက် က သတ်မှတ်ခဲ့တဲ့ ဒဏ်ငွေပမာဏဟာ ယခုခေတ် ငွေကြေးတန်ဖိုးအရ အလွန် နည်းနေတာကို ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဒါက ငွေကြေးဖောင်းပွမှုကိစ္စဆို တော့ နိုင်ငံတိုင်းမှာ အနည်းနှင့်အများရှိ ကြတာကတော့ ဓမ္မတာပဲလို့ ပြောရမှာပါ။
သိပ်ဝေးဝေးမကြည့်ဘဲ န-၀-တ ခေတ်ဥပဒေတွေမှာ သတ်မှတ်တဲ့ ဒဏ်ငွေပမာဏနဲ့ န-ယ-က ခေတ် နှောင်းပိုင်း ဥပဒေတွေမှာ သတ်မှတ်ထားတဲ့ ဒဏ်ငွေပမာဏတွေကို နှိုင်းယှဉ် ကြည့်ရုံနဲ့ ပြဿနာရဲ့သဘောကို သိနိုင်ပါတယ်။ နောက်ပြီး ဒါကဥပဒေတစ်ခု၊ နှစ်ခုထဲမှာသာ ဖြစ်တဲ့ကိစ္စမဟုတ်ဘူး။ ပြစ်ဒဏ်ပါဝင်တဲ့ ဥပဒေတိုင်းမှာ စဉ်းစား ရမယ့်ပြဿနာ ဖြစ်ပါတယ်။
လက်ရှိ ငွေကြေးတန်ဖိုးအပေါ် မူတည်ပြီး ဥပဒေ များမှာပါရှိတဲ့ ဒဏ်ငွေပမာဏတွေကို လိုက်ပြင်ရမည်ဆိုရင်တော့ ငါးနှစ်/ ၁၀ နှစ် တစ်ကြိမ် ပြင်ဆင်နေရမည့် အခြေအနေ ရှိနိုင်ပါတယ်။ တွေးမိတာတစ်ခုကတော့ ဒဏ်ငွေချမှတ်နိုင်တဲ့ပြစ်မှုတိုင်း အတွက် အနည်းဆုံး ဒဏ်ငွေကိုသာ သတ်မှတ်ထားပြီး အများဆုံးဒဏ်ငွေကို သတ်မှတ်မထားဘဲ ခေတ်အခါအလိုက် ငွေကြေးတန်ဖိုး အလျောက် အမှုစစ် တရားသူကြီးရဲ့ ဆင်ခြင်တုံတရားအရ သတ်မှတ်ခွင့်ပေးထားမယ်ဆိုရင် ဘယ်လိုနေမလဲလို့ စဉ်းစားကြည့်မိတာပါ။
http://myanmar.mmtimes.com/2012/article/581/article02.html
0 comments:
Post a Comment