Pages

Friday, July 15, 2016

ဝိဥာဉ် ကလဲ့စား-၁

   
ဝိဥာဉ် ကလဲ့စား-၁ 

✔စားရေးသူ-ထီးကလေး 🌂 `
================

ကယ်ကြပါဦး …လုပ်ကြပါဦး…ဆရာကြီးဘာဖြစ်တာလဲ မသိဘူး…လုပ်ကြပါဦး…´ အချိန်က ည၁၂ ခွဲနေခဲ့ပြီ။ရပ်ကွက်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သတ်လျက် စိတ်ငြိမ်ရပ်ကွက်ဖြစ်သောကြောင့် ညနက်နက်၏ အရသာမှာ ပေါ်လွင်နေခဲ့သည်။အငြိမ်းစား ပါမောက္ခကြီး ဦးလှမြင့်ကား ထိုရပ်ကွက်လေးရဲ့ အလှူတန်းရက်ရောသူ တစ်ယောက်ဖြစ်ပြီး စိတ်ရင်းစေတနာ အလွန်ကောင်းမွန်သူ တစ်ယောက်လည်းဖြစ်သည်။မိသားစုနှင့် ကွဲကွာနေပြီး ထိုခြံနှင့် အိမ်တွင်သာ တစ်ဦးတည်း အေးဆေးစွာနေလျက်  ကြီးသူကိုရိုသေ ငယ်သူကို လေးစားကာ တည်ငြိမ်ရင့်ကျက်သော ဦးပတိရုပ်အား ပိုင်ဆိုင်ထားသည်။ထိုညလေးတွင် ဦးလှမြင့်တစ်ယောက် ညနက်သည့်အထိ စာဖတ်ခန်းထဲတွင် တစ်ယောက်တည်း ရှိနေခဲ့ပြီး သူအား အိမ်အဖော်ကောင်မလေးမှ နွားနို့လာပို့ရာ မည်းနက်သော အရိပ်တစ်ခုမှ ကြီးဆိုးလျက် ဦးလှမြင့်အား သတ်နေလေသလား။ထိုမြင်ကွင်းကို မြင်လိုက်ရသည့် အိမ်အဖော်ကောင်မလေးမှာ အလန့်တကြား ဘေးပတ်ဝန်းကျင်သို့ အော်ခေါ်အကူညီတောင်းတော့သည်။ အိမ်ဖော်ကောင်မလေးရဲ့ အော်သံများကြောင့် ဘေးပတ်ဝန်းကျင်ရှိ လူများ ထိုခြံထဲသို့ နည်းလမ်းမျိုးစုံတို့ဖြင့် ဝင်ရောက်လာခါ ဦးလှမြင့်စာဖတ်ခန်းသို့ ရောက်ရှိလာခဲ့သည်။ မိန်းကလေးက သူမ၏ မျက်နှာအား လက်နှစ်ဖက်ဖြင့် ဖုံးကွယ်ထားလျက် အခန်းဝလေးတွင် တုန်ရီကြောက်လန့်နေသည်ကို တွေ့လိုက်ရသည်။ထိုအိမ်ထဲသို့ ဘေးပတ်ဝန်းကျင်ရှိ လူများရောက်လာလျက် ဦးလှမြင့် စာဖတ်ခန်းသို့ ကြည့်လိုက်လေရာ `ဟင်!…´ `ဟာ!…ဘယ်…ဘယ်လိုဖြစ်ရတာလဲ´ မျက်လုံးအားပြူးနေလျက် ကြမ်းပြင်ပေါ်လဲကျနေသည့် ဦးလှမြင့်အား တွေ့လိုက်ရသည် ။တစ်စုံတစ်ယောက်က သူ့အား ကြောက်မက်ဖွယ် ပုံစံတို့ဖြင့် ခြောက်လန့်သတ်ဖြတ်ခဲ့လေသလား လှုပ်နိုး၍မရ သေဆုံးနေတော့သည်။ `ဘယ်လိုဖြစ်ရတာလဲဗျာ…ဆရာကြီးကို ဘယ်သူသတ်သွားတာလဲ…´ စိတ်ထားအလွန်ပင်ကောင်းမွန်ပြီး လူတိုင်းကား ချစ်၊ ကြောက်၊ ရိုသေလျက်ရှိသော ဦးလှမြင့်အား မည်သူက ရက်စက်စွာ သတ်ဖြတ်ခဲ့သနည်းဟု စိတ်ဝင်တစားဖြစ်ကုန်တော့သည်။ မကြာမီအချိန်တွင်းမှာပဲ နယ်မြေပိုင် ရဲအရာရှိများ ရောက်လာကြပြီး ဦးလှမြင့်အလောင်းအား စစ်ဆေးလျက် အခင်းဖြစ်ပွားခဲ့သည့် မြင်ကွင်းတစ်ချို့အား တွေ့မြင်ခဲ့သော ဦးလှမြင့်၏ အိမ်ဖော်ကောင်မလေးကို စတင်မေးမြန်းတော့သည်။ `မိန်းကလေးက ဆရာကြီး အိမ်မှာ အလုပ်တာနော် ဟုတ်လား…ဘယ်လောက်ကြာပြီလဲ…´ မိနိးကလေးအား ရဲအရာရှိတစ်ဦးမှ မေးနေလျက် သူမမှာတော့ ကြောက်လန့်တုန်ရီနေသည်ကို တွေ့နေရသည်။သို့နှင့် ရဲအရာရှိ၏ အမေးကား တုန်ရီနေသော အသံတို့ဖြင့် `ဟုတ်…ဟုတ်ပါတယ်…ကျွန်…ကျွန်မ ဒီအိမ်ကြီးမှာ အလုပ်လုပ်နေခဲ့တာ ခြောက်…ခြောက်နှစ်ကျော်နေခဲ့ပါပြီ…´ `ဟုတ်ပြီ…အခင်းဖြစ်ပွားတဲ့ နေရာကို မိန်းကလေး ဘယ်အချိန်တည်းက စရောက်ခဲ့တာလဲ…´ `ဆရာကြီးက ညဘက်တွေဆို တစ်နာရီလောက်မှ အိပ်တတ်ပါတယ် ၁၂ ကျော်တာနဲ့ သူအတွက် ကျွန်မနွားနို့ သွားပို့ပေးရတယ် အခု ဆရာကြီးရှိနေတဲ့ စာဖတ်ခန်းထဲကို နွားနို့ပို့ပေးဖို့ အခန်းတံခါးဖွင့်လိုက်တာ မည်းမည်းအကောင်ကြီးတစ်ကောင်က ဆရာကြီးရင်အုံကို ကိုင်ပြီး ကြောက်စရာကောင်းတဲ့ ပုံစံနဲ့ သတ်နေတာလားမသိဘူး…ကျွန်မလည်း ကြောက်တာနဲ့ ပတ်ဝန်းကျင်ကို အကူညီအော်တောင်းခဲ့တာပါ…´ `ဘယ်လို…မည်းမည်းအကောင်းကြီး ဟုတ်လား…´ `ဟုတ်…ဟုတ်ပါတယ် ဆရာ…´ `အဲ့မည်းမည်းကောင်ကြီးကို မိန်းကလေး ဘယ်လိုထင်လဲ လူတစ်ယောက်ယောက်ဖြစ်နိုင်လား´ `ကျွန်မ မပြောတတ်ဘူး ဆရာ နောက်ကျောကိုပဲ မြင်လိုက်ရတာ ကျွန်မရောက်လာတော့ အခန်းပြတင်းပေါက်ကနေ အငွေ့တွေလိုလိုဖြစ်ပြီး ပျောက်သွားတယ်…´ မိန်းကလေးကား တုန်ရီနေလျက် အလွန်ပင်ကြောက်လန့်စရာကောင်းသော ပုံစံအား သူမတွေ့ရှိလိုက်ရပုံပေါ်သည်။မိန်းကလေး၏ ထွက်ဆိုချအရ ရဲအရာရှိမှာ အခန်းပတ်ဝန်းကျင်နှင့် ပြတင်းပေါက်တို့အား စစ်နေလျက်။ အိမ်ကား နှစ်ထပ်တိုက်ဖြစ်ပြီး အခန်းတစ်ခုလုံးမှာလဲ ပုံစံမပျက် ဦးလှမြင့်တစ်ယောက်တည်း နေခဲ့သလိုပင်။ ရှုံးရင်းဆန်ခတ် တိုက်ခိုက်မှု့များ ရှိမနေပဲ မည်သည့်ပစ္စည်းမှ ပုံစံမပျက်ရှိနေတော့သည်။ ဦးလှမြင့်၏ အလောင်းအား ဆေးစစ်ချက်တွင် ခန္ဓာကိုယ်ပေါ်တွင် သွေးထွက်ခြင်း ဒဏ်ရာတစ်ချို့ရှိမနေပဲ ရင်တွင်းကလိစာ နှလုံးမရှိတော့သည်ဟု အဖြေထွက်ခဲ့သည်။ တစ်ရပ်ကွက်လုံး၌ စေတနာကောင်းပြီး အလှူတန်းရက်ရောသော ပါမောက္ခ ဦးလှမြင့်အား ယူကြုံးမရ ဝမ်းနည်းပူဆွေးခါ လူသတ်တရားခံပေါ်ပေါက်ရေး အတွက် ဝိုင်းဝန်းကူညီလျက်ရှိသည်။သဲလွန်စပျောက်လျက် ရဲအရာများ စဉ်းစားမရသည်မှာ ဒဏ်ရာမရှိ ရင်တွင်း ကလိစာနှလုံးပျောက်ဆုံးသွားသည်ကိုပင်။တစ်ချို့အား မမြင်နိုင်သည့် မှော်အတတ် အောက်လမ်းတို့ဖြင့် ပြုစားသည်ဟုဆိုကာ တဘုတ်လေလွှင့် စကားများထွက်ပေါ်လာခဲ့တော့သည်။ တစ်ပတ်ခန့်ကြာသည့် အထိ မည်သည့် သဲလွန်စမှ ရှာမရပဲ ရဲအရာရှိများ ခြေခြင်းလိမ် အလုပ်ရှုတ်နေတော့သည်။ `ကျုပ်နဲ့ ပါမောက္ခဆရာလှမြင့်က လွန်ခဲ့တဲ့ ၅နှစ်လောက်တည်းက မိတ်ဆွေတွေ ဖြစ်ခဲ့တာ အဲ့ဒီအချိန်က ကျုပ် နယ်ထိန်းဘဝနဲ့ စတွေခဲ့တယ်ဆိုပါတော့လေ…ဆရာလှမြင့်က စိတ်ရင်းတော်တော်ကောင်းတဲ့ လူတစ်ယောက်ဗျ…ကျုပ်ကိုလည်း သူ့ညီရင်းတစ်ယောက်လို သိပ်ချစ်ရှာတာ သူ့မှာရန်ငြိုးရန်စဆိုတာလဲ ကျုပ်နဲ့ စသိတဲ့တည်းက ရှိတယ်လို့တစ်ခါမှ မကြားဖူးဘူး တက္ကသိုလ်မှာလဲ ဆရာလှမြင့်ကို ကျောင်းသူ ကျောင်းသားတိုင်းက ချစ်ကြတယ် ဘယ်လိုလူမျိုးက သူ့ကို ရက်ရက်စက်စက်သတ်ရတာလဲဗျာ…သူ့အတွက် ကျုပ်ဘာမှ မကာကွယ်ပေးလိုက်နိုင်ဘူး…´ `စိတ်မကောင်းမဖြစ်ပါနဲ့ ဆရာ ကျွန်တော်တို့ဒီအမှု့တရားခံကို အမြန်ဆုံး ဖော်ထုတ်နိုင်မှာပါ…ဒါနဲ့ ဆရာ ကျွန်တော်တစ်ခုစဉ်းစားမိတယ် အိမ်အဖော် ကောင်မလေးပြောပုံအရနဲ့ ဆေးစစ်ချက်အရဆို ပါမောက္ခကြီးကို လူအစစ်မှ သတ်တာဟုတ်ရဲ့လား…´ `ဟင်!…ဆရာဝင်းက ဘာကို ဆိုလိုတာလဲ…´ `ဒီလိုလေ…အိမ်ဖော်ကောင်မလေးပြောပုံအရ အရိပ်မည်းမည်းကြီးတစ်ခုက တစ်ခန်းလုံးကို အုပ်စိုးပြီး ပါမောက္ခကြီးရဲ့ ရင်အုံကို ကိုင်ထားသလိုတွေ့တယ် ပြီးတော့ ကျုပ်တို့ဆေးစစ်ချက်အရ ခန္ဓာကိုယ်ပေါ်မှာ ဘာဒဏ်ရာမှ မရှိပဲ နှလုံးတစ်ခုလုံး ပျောက်နေတယ် အဲ့ဒါတွေကို ဆက်စပ်ကြည့်လိုက်ရင် သရဲ တစ္ဆေ များဖြစ်နေမလားလို့…´ `ဟာဗျာ…သရဲ တစ္ဆေက လူတစ်ယောက်လုံးကို သတ်နိုင်တယ်လို့ ကျုပ်တစ်ခါမှ မကြားဖူးဘူး…ဟားဟား´ `ဆရာကလည်း မရယ်နဲ့ဗျ ကျုပ်က တောသား ကျုပ်တို့ရွာဘက်မှာဆို အောက်လမ်းပညာနဲ့ အဲ့လိုသတ်တာတွေ ခဏခဏကြားဘူးတယ်…´ `ဟားဟား…ဆရာဝင်းရယ် ခင်ဗျား ရဲမလုပ်စားပဲ ပယောဂါဆရာသာ လုပ်စားတော့ဟေ့…ကျုပ်ကိုတော့ ခွင့်ပြုဦး အိမ်က မိန်းမက ဒီညနေ တာဝန်ချိန်ပြီးတာနဲ့ ဗိုက်ထဲက ကလေးလေးအတွက် ဈေးဝယ်ထွက်ဖို့စောစောပြန်လာခိုင်းထားတယ် ကျုပ်ကို ခွင့်ပြုဦး…´ `ဟုတ်သားပဲ ဆရာကတော် ကိုယ်ဝန်ဘယ်နှလ ရှိပြီးလဲဗျ…´ `၅လ ရှိနေပြီ…ကျုပ်တော့ ကလေးချီရတော့မယ်လေ…´ တပည့်ဖြစ်သူ ဒုရဲအုပ်မောင်ဝင်းအား ရင်းရင်းနှီးနှီးပြောဆို နေသူက စခန်းမှူးထူးမောင်းပင်ဖြစ်သည်။ သူကား နယ်မြေပိုင် စခန်း၏ အကြီးဆုံးအရာရှိ စခန်းမှူးတစ်ယောက်ဖြစ်သောလည်း တပည့်လက်သားများအား သူငဟ်ချင်းတစ်ဖွယ် ပေါင်းသင်းဆက်ဆံသူတစ်ယောက် ဖြစ်ချေသည်။ သေဆုံးသူ ပါမောက္ခဦးလှမြင့် အမှု့အား ကွင်းဆက်ရှာရင်း တာဝန်ချိန်ပြီးသည်ကြောင့် ဒုရဲအုပ် မောင်ဝင်းအား နှုတ်ဆတ်လျက် မိမိနေအိမ်သို့ ပြန်သွားချေပြီ။ခန္ဓာကိုယ်ပေါ်တွင် မည်သည့်ဒဏ်ရာမှ မရှိ ရင်တွင်းကလိစာ ပျောက်ဆုံးပြီး ထူးဆန်းစွာ ပါမောက္ခကြီးသေဆုံးမှု့နှင့် ပတ်သတ်ပြီး သတင်းစာ ၊ဂျာနယ် တို့တွင် ခေါင်းစဉ်အမျိုးတပ်ခါ ရောင်းအား အကောင်းဆုံး သတင်းတစ်ခုဖြစ်ပြီး စိတ်ဝင်စားသူအမြောက်များကလည်း အမှု့မှန်ပေါ်ပေါက်ရေးအတွက် မျှော်လင့်နေခဲ့ကြသည်။ ညနေ ၅နာရီ ၄၅မိနစ်အချိန်၌ ဒုရဲအုပ် မောင်ဝင်း၏စားပွဲမှ တယ်လီဖုန်းသံ မြည်လာချေသည်။ `ဟယ်လို …အမိန့်ရှိပါခင်ဗျာ ဒုရဲအုပ် မောင်ဝင်းပြောနေပါတယ်…ဟယ်လို…ဟယ်လို…ဟယ်လို…´ မိမိစားပွဲပေါ်မှ တယ်လီဖုန်းအား ကိုင်လျက် အကြိမ်ကြိမ်ပြန်လည် ထူးနေသောလည်း တစ်ဖတ်မှ မည်သည့် စကားသံမှ ပြန်လည်ဖြေကြားခြင်းမရှိ။ထိုနောက် ဖုန်းအား ပြန်လည်ချထားလိုက်ပြီး ထိုင်ခုံမှ ထမည်အလုပ် စားပွဲအပေါ်မှ ဖုန်းပြန်လည် မြည်လာချေခဲ့သည်။ `ဟယ်လို ပြောပါခင်ဗျာ (………)စခန်းက ဒုရဲအုပ် မောင်ဝင်းပြောနေပါတယ် ဘာများကူညီပေးရပါမလဲ…ဟယ်လို…ဟယ်လို…ဟာ…တစ်ယောက်ယောက်နောက်နေတာလား…´ မိမိပြန်လည်ဖြေကြားနေသောလည်း တစ်ဖတ်ဖုန်းမှ မည်သည့်စကားသံမှ မကြားရပဲ ဖုန်းအားပြန်လည်ချသွားခဲ့သည်။စားပွဲတွင် ပြန်ထိုင်လျက် မောင်ဝင်းတစ်ယောက် မျက်မှောင်ကျုတ် ခေါင်းတစ်ဇတ်ဇတ်ဖြင့် ထိုအကြောင်းအား တွေးနေချိန်တွင် မိမိဘောင်းဘီ အိတ်ထဲတွင်ရှိနေသော ဟန်းဖုန်း အသံမြည်လာသည်ကြောင့် ထုတ်၍ ဖုန်းနံပါတ်အား ကြည့်လိုက်ပြီး `ဟုတ်ကဲ့ဆရာ …ဘာမေ့ကျန်ခဲ့လို့လဲ ကျွန်တော် စခန်းမှာပဲ ရှိနေသေးတယ် မပြန်ရသေးဘူး…´ နံပါတ်ကြည့်လိုက်ပြီး တာဝန်ချိန်ပြီးသည်နှင့် ပြန်သွားသော စခန်းမှူး ထူးမောင်၏ အဝင်ဖုန်းဆိုသည်ကို သိသောကြောင့် တစ်ဖတ်မှ စကားသံမလာခင် မောင်ဝင်းအား ဦးစွာ မေးမြန်းနေတော့သည်။သို့ပေမယ့် စခန်းမှူးထူးမောင်က တစ်ဖတ်မှ ပြန်လည်ဖြေကြားသော အသံကိုပင် မကြားရ တိတ်ဆိတ်ငြိမိသတ်နေတော့သည်။ `ဟယ်လို…ဆရာ…ဟယ်လို…´ အကြိမ်ကြိမ် ခေါ်နေသော်လည်း တစ်ဖတ်မှ ပြန်လည်ဖြေကြားခြင်းမရှိ ။ထိုအချိန်မှာပဲ ဒုရဲအုပ် မောင်ဝင်းရှိရာသို့ နယ်ထိန်းအရာရှိ ဝင်းနိုင် အပြေးဝင်ရောက်လာပြီး `ဆရာ…စခန်းမှူးကြီး ကျွန်တော့ဆီဖုန်းဆက်တာ နှစ်ခါရှိသွားပြီး ပြီးတော့ ဘာမှလည်းပြန်မပြောပဲ ဖုန်းချချသွားတယ် သူအန္တရယ်တစ်ခုခုများ ဖြစ်နေပြီလား မသိဘူး…´ `ဟေး…ငါဆီကိုလည်း အခုလေးတင် ဆက်တယ်…ဆက်ပြီးတော့ ဘာမှ ပြန်မပြောဘူး သေချာပြီး ဒါဆို စခန်းမှူးကြီး တစ်ခုခုဖြစ်နေတာပဲ ငါတို့အမြန်ဆုံး လိုက်သွားရအောင်´ တိုက်ဆိုင်စွာဖြင့် နှစ်ဦးစလုံးဆီသို့ အဝင်ဖုန်းလာလျက် တစ်ဖတ်မှမည်သည့်စကားမှ ပြန်လည်ဖြေကြားခြင်းမရှိသော စခန်းမှူးထူးမောင်နေအိမ်သို့ ဒုရဲအုပ် မောင်ဝင်းနှင့်အတူ နယ်ထိန်းဝင်းနိုင်တို့ လိုက်ပါသွားလေတော့သည်။ ပူပန်စွာ အပြေးမောင်းနှင်လာသည့် ဆိုင်ကယ်ကား စခန်းမှူးကြီး နေအိမ်အရှေ့သို့ရောက်သည့်နှင့် ထိုးရပ်လိုက်ပြီး ဘေးပတ်ဝန်းကျင်အခြေနေအား အကဲခတ်ပြီးနောက် ပွင့်လက်နေသော ခြံတံခါးမှတစ်ဆင့် အိမ်အပေါက်သို့ရောက်လာပြီး `ဆရာ…ဆရာ…´ ဖြေးညင်းသော ခြေလှမ်းတို့ဖြင့် အိမ်မကြီးထဲသို့ မဝင်ပဲ ပွင့်နေသော တံခါးအဝမှ မှောင်ရိပ်သန်းနေလျက်ရှိသော အိမ်ထဲသို့ အသံပေးအော်ခေါ်နေခဲ့သည်။ သို့ပေမယ့် တစ်အိမ်လုံးတိတ်ဆိတ်ငြိမ်သတ်နေလျက် ပြန်လည်ထူးသော အသံကိုပင် မကြားရချေ။ အသင့်ပါလာသည့် ဓာတ်မီးတို့ဖြင့် အိမ်မကြီးထဲအား ထိုးကြည့်လျက် အပေါက်ဝတွင် ရှိနေသော မီးခလုတ်အား ဖွင့်လိုက်လေရာ `အမလေး…ဟာ…´ ကြမ်းပြင်ပေါ်တွင် လဲကျသေဆုံးနေသော စခန်းမှူး ထူးမောင်အား တွေ့လိုက်ရတော့သည်။သက်ဆိုင်ရာ စခန်းအား အကြောင်းကြားလျက် သေဆုံးသူ စခန်းမှူးထူးမောင် အလောင်းအား စစ်ဆေးကြည့်လေရာ အငြိမ်းစားပါမောက္ခဦးလှမြင့် သေဆုံးပုံနှင့် တစ်ထပ်ဖြစ်နေကြောင်း သိလိုက်ရတော့သည်။မျက်လုံးကား ပြူးနေလျက် ကြမ်းပြင်ပေါ်လှဲကျနေသည့် ပုံစံတို့မှအစ ဦးလှမြင့် သေဆုံးသွားသည့် ပုံစံတို့ဖြင့် တစ်ထပ်တည်းပင်။ `သူမသေခင် အချိန်ပိုင်းလေးမှာ ငါတို့ဆီ ဖုန်းခေါ်သွားခဲ့တာပဲ…´ `ဟုတ်တယ်ဆရာ…နောက်ဆုံးခေါ်ခဲ့တဲ့ အချိန်နဲ့ အခုချိန်နဲ့ဆို သိပ်မကွာဘူး လောလောလက်လက် အသက်ခံလိုက်ရတာ…တောက်!…တော်တော်ရက်စက်တဲ့ လူသတ်သမားကွာ ဒီလောက် သဘောကောင်းတဲ့ ရဲအရာရှိကိုမှ သတ်ရတယ်လို့…´ `ဟင်!…ဒါနဲ့ စခန်းမှူးကတော်ရော သူဘယ်မှာလဲ ဘယ်ရောက်နေလဲ…´ ညီအစ်ကို အရင်းသဖွယ် နွေးထွေးစွာ ဆက်ဆံခဲ့သော ဆရာဖြစ်သူ ထူးမောင်အတွက် နှစ်ယောက်သား ရင်နှင့်အမျှ ခံပြင်း ဒေါသထွက်တော့သည်။ထိုအချိန် ကိုယ်ဝန်ရှိနေသော စခန်းမှူးကတော်အား သတိရသွားပြီး တစ်အိမ်လုံး ရှာဖွေကြရာ ရေချိုးခန်းရှေ့တွင် စခန်းမှူးထူးမောင် သေဆုံးသည့် ပုံစံအတိုင်းသေဆုံးနေသည်ကို တွေ့လိုက်ရတော့သည်။ပါမောက္ခဦးလှမြင့်နှင့် စခန်းမှူး ထူးမောင်တို့လင်မယားအား ရက်စက်စွာ သက်ဖြတ်ခဲ့သူမှာ တစ်ယောက်တည်းပင် ဖြစ်ချေသည်ဟု ရဲဌာနမှ ကောက်ချက်ချထားတော့သည်။ သေဆုံးသူ ထူးမောင်တို့ လင်မယားနှစ်ယောက်အား ဆေးစစ်ချက်အရ ပါမောက္ခဦးလှမြင့်ကဲ့သို့ပင် ခန္ဓာကိုယ်ပေါ်တွင် မည်သည့် ဒဏ်ရာမှ မရှိ ရင်တွင်း ကလိစာ နှလုံးတို့ ပျောက်ကွယ်နေခဲ့တော့သည်။ ထိုအမှူအား သဲလွန်စပျောက်လျက် နယ်မြေပိုင်ရဲအရာရှိများက မမြင်နိုင်သည့် ပရလောကမှ တစ္ဆေတို့ပင် ထိုသူတို့အား သတ်ဖြတ်သည်ဟု ထင်ကြေးပေးနေခဲ့သည်။သို့ပေမယ့် တစ်မြို့လုံးရှိ လူအမြောက်များကား လက်ခံခြင်းမရှိပဲ လူသတ်တရားခံ အစစ်ကိုသာ ဖမ်းပြီး သေဒဏ်သာလျင် ပေးပါဟု တောင်းဆိုကုန်ကြသည်။ `သေဆုံးသူတွေရဲ့ သေဆုံးပုံကလည်း တစ်ပုံစံတည်း နောက် ဒဏ်ရာလဲမရှိပဲ အတွင်းကလိစာ နှလုံးအထုတ်ခံရတယ်ဆိုတော့ ဒါဟာ သာမာန်လုံးဝမဖြစ်နိုင်ဘူး…´ `ကျွန်တော် တစ်ခုတင်ပြပါရစေ ရဲမှူးကြီး…သေဆုံးသူ အငြိမ်းစားပါမောက္ခနဲ့ သေဆုံးသူ စခန်းမှူးထူးမောင်တို့က လွန်ခဲ့တဲ့၅နှစ်ကျော်ကတည်းက အသိမိတ်ဆွေတွေလို့ သိရပါတယ် ဒါကြောင့် တစ်ချိန်က သူတို့ရဲ့ရန်ငြိုး ရန်စကြောင့် အခု အသတ်ခံရတယ်လို့ ကျွန်တော် ယူဆမိပါတယ်…´ `သေဆုံးသူ စခန်းမှူး ထူးမောင်အကြောင်းကိုတော့ ကျုပ်ကောင်းကောင်းသိတယ် သူက လူအေး မဟုတ်မခံစိတ်ရှိတယ် သဘောကောင်းတယ် အရာရာကို နားလည်ပေးတတ်တယ်…သူ့အဖေနဲ့ ကျုပ်နဲ့ကလဲ ရင်းနှီးပြီးသား ငယ်ငယ်တည်းက တစ်ခါမှ ရန်တောင်ဖြစ်ဘူးတဲ့ လူတစ်ယောက်မဟုတ်ဘူးဆိုတော့…ရန်ငြိုး ရန်စဆိုတာတော့ ရှိလိမ့်မယ် မထင်ဘူး…´ ထူးမောင်၏အကြောင်းအား သိရှိသူ ရဲမှူးကြီးက အစည်းဝေးခန်းမ၌ တွေဝေညည်းထွားစွာ ပြောနေစဉ် ပြင်ပသို့ စေခိုင်းထားသည့် နယ်ထိန်းဝင်းနိုင် ဝင်ခွင့်တောင်းလျက် ဝင်ရောက်လာခါ `ဘာသတင်းထူးလဲ…´ `ဟုတ်ကဲ့ ရဲမှူးကြီး ဒီအမှု့နဲ့ပတ်သတ်ပြီးရင်ခွဲရုံ ဆရာဝန်ဆီက တစ်ခုသိခဲ့ရပါတယ် သေဆုံးသူတွေဟာ မှော်အတတ်ပညာမျိုးဖြစ်တဲ့ အောက်လမ်းပညာတို့နဲ့ အသတ်ခံခဲ့ရပါတယ်လို့ ပြောပါတယ်…´ နယ်ထိမ်း ဝင်းနိုင်၏ စကားအား ကြားလိုက်ရသော ရဲမှူးကြီးကား တွေဝေစဉ်းစားသွားလျက် မည်သည့်စကားမှ ပြန်မပြောပဲ ငြိမ်သတ်နေခဲ့သည်။ထိုနောက် `ကျုပ်လဲ အစတည်းက အဲ့လိုပဲ ကောက်ချချက်မိတယ် ဒါပေမယ့် လူတွေက ဘဟ်လိုမှ လက်ခံနိုင်မှာ မဟုတ်ဘူး…ဒီတော့ နိုင်ငံတော်အသိမှတ်ပြု ပယောဂါဆရာကြီးနဲ့ ကျုပ်တိုင်ပင်ကြည့်မယ် ပြီးတာနဲ့ အားလုံးကို ကျုပ်တာဝန်ပေးမယ်…´ နိုင်ငံတော်မှ တရားဝင်အသိမှတ်ပြု နယ်လှည့် ပယောဂါဆရာကြီးဆီသို့ ရဲမှူးကြီး ဦးဆောင်သည့် အဖွဲ့ဟာ (နိုဝင်ဘာလ ၂ရက် ၂၀၁၀ ခုနှစ် ) မနက်လင်းသည်နှင့် သွားရောက်တွေ့ဆုံတော့သည်။ ပယောဂါဆရာကြီး၏ နေအိမ်အား ခန်းခန်းနားနားမဟုတ် သာမာန် ပျင်ထောင်အိမ်လေးသာ ဖြစ်ချေသည်။ ရဲအရာရှိများ သူ၏နေအိမ်သို့ရောက်လာသည်နှင့် တရားထိုင်နေသော ပယောဂါဆရာကြီး တရားပြုတ်သည့် အချိန်ထိစောင့်နေရသည်။ `ဘာကိစ္စရှိလို့လဲလို့ ကျုပ်မမေးတော့ပါဘူး…´ တရားထိုင်ပြီးသည်နှင့် တစ်ပြိုင်နက် ပယောဂါဆရာကြီးကား ရဲအရာရှိများကို ဦးစွာ စကားလှမ်းပြောလိုက်တော့သည်။ ထိုအခါ ပါမောက္ခကြီး ထူးဆန်းစွာ သေဆုံးပုံ နှင့် စခန်းမှူးထူးမောင်တို့ လင်မယားနှစ်ယောက် သေဆုံးပုံတို့အား ထိုဆရာကြီးကို အသေးစိပ်ပြောပြလိုက်သည်။ ထိုအခါ ဆရာကြီးက ခေါင်းလေး တစ်ချက်ငြိမ့်လျက် `အငြိုးတွေ အငြိုးတွေ…´ နှုတ်မှ ညည်းထွားပြောလိုက်တော့သည်။ထိုအခါ ငြိမ်သတ်နေသည့် ရဲအရာရှိများ သိချင်စိတ် ပြင်းပြသွားလျက် `ဆရာကြီး…ဒါသာမာန်လူသတ်မှု့ မဟုတ်ဘူးလား…ဆရာကြီး ဘယ်လိုမြင်လဲ…ဖြေပါဦး…´ `ဟုတ်တယ် ဒါဟာ အငြိုးအတေးကြီး တစ်ခုကြောင့် ဖြစ်ရတာပဲ အချိန်မရှိဘူး သူ့ကို အမြန်ဆုံး ဖမ်းချုပ်မှဖြစ်မယ် …´ `ဟင်!…ဒါဆို တစ္ဆေက သတ်တယ်လို့ပြောချင်တာလားဟင်´ `သိပ်သေချာတာပေါ့…ကဲ ငါတို့အမြန်ဆုံး သူရှိနေတဲ့ နေရာကို လိုက်သွားမှ ဖြစ်မယ် မဟုတ်ရင် နောက်လူတွေကိုလဲ သူထပ်သတ်နေဦးမှာပဲ…´ `သူ…သူက ဘယ်မှာ ရှိနေတာလဲ…´ `နောက်မှမေး အခု မင်းတို့မှာ ကားပါလာတယ် မဟုတ်လား…ငါလမ်းပြတဲ့ဆီကိုသာ အရင်မောင်းပေတော့´ ကားခေါင်းခန်း၌ ထိုပယောဂါဆရာကြီးကို ထားစေပြီး သူလမ်းညွှန်ရာဆီသို့ မောင်းနှင်လာကြတော့သည်။အတန်ကြာ မောင်းနှင်လာပြီးနောက် ရပ်ခိုင်းလိုက်သည့် နေရာကိုရောက်တော့ ပတ်ဝန်းကျင်အား အကဲခတ် ကြည့်လေရာ ကျောင်းပိတ်ရက် ကာလဖြစ်သော တက္ကသိုလ်ကျောင်းဝန်းကြီး တစ်ခုအတွင်းသာ ဖြစ်ချေသည်။ ပယောဂါဆရာကြီး ဦးဆောင်သည့် အနောက်သို့ ရဲအရာရှိများ လိုက်ပါလာလျက် စာသင်ဆောင် တစ်ခုအတွင်းသို့ ဝင်ရောက်လာခါ နှစ်များစွာ ပိတ်ထားခဲ့သည့် အခန်းတစ်ခုအတွင်းသို့ ရောက်ရှိလာတော့သည်။သံချေးများ တတ်နေသော သော့အား ရိုက်ဖွင့်လိုက်သည်နှင့် အခန်းအတွင်းမှ ဖုံအမှုန့်များနှင့်အတူ လင်းနို့များကလည်း အမြောက်အများ ပျံသန်းထွက်ပြေးကုန်တော့သည်။အခန်းအတွင်းသို့ ရောက်သည်နှင့် အားလုံး၏ ရင်ထဲ၌ လွမ်းဆွေသွားလေသလား ရင်ဘတ်တစ်ခုလုံး ဆို့နစ်နေသော ခံစားမှု့များအား ခံစားလိုက်ရတော့သည်။ သို့ပေမယ့် ဆရာကြီးဟာ တည်ငြိမ်သော စိတ်အား သွင်းထားလျက် ကျိုးပဲ့နေသော ထိုင်ခုံများကို သူ၏လက်ဖြင့် ကိုင်လိုက်ပြီး `အိုး!…အငြိုးတစ္ဆေ သင့်အား ကျွန်ုပ်တို့ ရန်ပြုခြင်း မရှိပဲ အငြိုးတစ်ကြီး ဘာ့အတွက်ကြောင့် ဒီလိုတွေ လုပ်ရပါသလဲ…´ နှုတ်မှရည်ရွတ်ပြောဆိုလျက် ထိုနောက် အခန်းတံခါးမကြီးအား ပိတ်စေလိုက်ပြီး ပါးကြားအပ်လျက်ရှိနေသော နံရံအား အသင့်ပါလာသော သူ၏တောင်မွှေးဖြင့် ပြင်းထန်စွာ ရိုက်လိုက်တော့သည်။ ထိုအချိန်၌ အလွန်ပင် နာကျင်လှသော အနက်ကြီးတစ်ခုက အခန်းတစ်ခုလုံး ပဲ့တင်ထပ်ထွက်ပေါ်လာခဲ့သည်။ထိုအသံကို ကြားလိုက်ရသည့် ရဲအရာရှိများက အံ့သြတကြီးဖြစ်လျက် မိမိတို့၏ မျက်လုံးများအား အသံလာရာရှိသို့ လိုက်ကြည့်နေမိခဲ့တော့သည်။ သို့ပေမယ့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ မမြင်တွေ့ရပဲ အသံကိုသာလျင် ကြားနေရတော့သည်။ `သင့်ကို ကျွုန်ပ်မေးနေတယ်လေ မဖြေရင် ထပ်ရိုက်မှာနော်…´ ဟုဆိုကာ နောက်တစ်ကြိမ် ထပ်မံရိုက်လိုက်လေရာ ဆိုးရွားသော ညည်းညူသံများ ထွက်ပေါ်လာခဲ့ပြန်ချေသည်။ထိုနောက် `ငါသတ်ဦးမှာ…ငါသတ်ဦးမှာ´ အကောင်အထည်ကိုပင် မတွေ့ရ စူးရှသော အသံတို့ဖြင့် ထွက်ပေါ်လာချေခဲ့သည်။ ဆရာကြီးက ထိုအသံပိုင်ရှင်အား မည်သည့်အတွက်ကြောင့် ထိုသို့ပြုလုပ်ရသနည်းဟု မေးလေးရာ ပါးကြားအပ်လျက်ရှိနေသော နံရံတစ်ခုမှ `ဟားဟားဟားဟား…လူယုတ်မာ နှစ်ကောင်က်ုတော့ ငါသတ်ပြီးပြီး…နောက်ထပ် သုံးကောင်ကို ငါသတ်ရဦးမယ်…´ အသံကား ပဲ့တင်ထပ်လျက်ရှိနေသော ယောကျားတစ်ယောက်၏ အသံနက်ကြီးပင်။ `မင်းကို အခု ငါဖမ်းချုပ်တော့မှာ မင်းလူတွေကို ဒုက္ခထပ်ပေးလို့မရတော့ဘူး မင်းငါ့ကို ကျော်နိုင်ရင်တော့ မင်းဆန္ဒပြည့်မှာပေါ့…´ မြူနှင်းများကဲ့သို့ အခိုးငွေ့များ ပေါ်ထွက်လာလျက် အခန်းတစ်ခုလုံး ထိုအငွေ့များဖြင့် ဖုံးလွမ်းသွားပြီးနောက် ထွက်ပေါ်လာသည့် အသံကား `ခင်ဗျားကို ကျုပ်မယဉ်နိုင်ပါဘူး ဒါပေမယ့် ကျုပ် နောက်ထပ် လူသုံးယောက်ကို သတ်ပြီးရင် ကျုပ်ကျေနပ်ပါပြီ´ `မင်းဒီလို လုပ်လို့ရမလား မင်းရက်ရက်စက်စက် သတ်ခဲ့သူထဲမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်လဲ ပါတယ်…ပြီးတော့ သေဆုံးသွားတဲ့ ဒီကျောင်းက ပါမောက္ခ ဆရာဦးလှမြင့်နဲ့ စခန်းမှူး ထူးမောင်က လူကောင်းတွေချည်းပဲ …´ `တိတ်စမ်း!…ဘာလူကောင်းတွေလဲ လူယုတ်မာတွေ…ခင်ဗျားကို ကျုပ်ပြောပြမယ် လွန်ခဲ့တဲ့ ၂နှစ်ကျော်တုန်းက အချိန်ကို ခင်ဗျားနားထောင်…´ `ပြောစမ်းပါဦး ပြီးရင်တော့ မင်းကို နှစ်ခါပြန်သေခိုင်းမယ်…´ အကောင်ထည်မမြင်ရပဲ ပါးကြားအက်နေရာ နံရံမှသာ ဆိုးရွားလှသော အသံနက်ကြီးဖြင့် ပယောဂါဆရာကြီးအား ပြန်လည် တုန့်ပြန်ပြောဆိုနေလျက် လွန်ခဲ့သည့် ၂နှစ်ကျော် ကာလမှ ဖြစ်ရပ် တစ်ခုအား ပြောပြမည်ဟုဆိုခါ ပဲ့တင်ထပ်နေသည့် အသံတို့ဖြင့် ထွက်ပေါ်လာချေတော့သည်။ စာရေးသူ-ထီးကလေး။ ✏✏✏✏✏✏✏✏✏✏✏✏

Original from: http://hteekalayblog.blogspot.co.id/2016/04/blog-post_41.html?m=1
မူလစာရေးသူ -->>ထီးကလေး

No comments:

Post a Comment