အဖိုးတန် ဘဝပြောင်းတရားမို့ အေးအေးဆေးဆေး ဆင်ခြင်ဖတ်ရျု့ပါ။ သောတာပန်ဆိုတဲ့ဥစ္စာ ဘာတုံးလို့ မေးလို့ရှိရင်ဖြင့်
မှန်မှန်ကန်ကန် သမ္မာဒိဋ္ဌိဖြစ်တာကို သောတာပန်လို့ဆိုသည်။
သောတာပန်ဆိုတာ မှန်မှန်ကန်ကန် သမ္မာဒိဋ္ဌိဖြစ်ရင်
သောတာပန်ပဲလို့ မှတ်ထားရမယ် . . .(မှန်ပါ့)။
သောတာပန်ဆိုတာဘာပါလိမ့် . . .
(မှန်မှန်ကန်ကန် သမ္မာဒိဋ္ဌိဖြစ်တာပါဘုရား)
အဲဒါ ဘုန်းကြီးတို့ ဒကာဒကာမတွေကို ရဟန္တာနှစ်ပါး
သူတို့မေးကြမြန်းကြတော့ သူတို့ကိုယ်တိုင်လဲ
ရှင်သာရိပုတ္တရာကလဲ ရဟန္တာကြီး၊ ရှင်ကောဋ္ဌိက, ကလဲ ရဟန္တာကြီး၊
ရှင်ကောဓိက ရဟန္တာဖြစ်ငြားသော်လဲ ရှင်သာရိပုတ္တရာကို မေးလိုက်တယ်။
အရှင်ဘုရား . . . သောတာပန် စပြီသကာလတည်ချင်လို့
သောတာပန်ဆိုတာ သမ္မာဒိဋ္ဌိ မှန်မှန်ကန်ကန် ဖြစ်ဖို့ရာ
သောတာပန် တည်ချင်လို့ရှိရင်ဖြင့် သောတာပန်ဖြစ်ဖို့ရာ
အင်္ဂါဘယ်နှစ်ပါး လိုပါသလဲလို့ဆိုတာ ရှင်ကောဋ္ဌိက, က မေးတယ်။
မေးသာမေးတယ်၊ မောင်နိုင်တို့ ကိုဝတို့ ကိုစံလှတို့ မှတ်ရမှာက
သိပြီးသားကို မေးတယ်လို့ မှတ်ပါ . . .(မှန်ပါ့)။
သူကိုယ်တိုင် ရဟန္တာကြီး ဖြစ်ပြီးသကာလ လာခဲ့တယ်။
အမေးခံရတဲ့ပုဂ္ဂိုလ်ကလဲ နောင်လာ နောက်သားတွေကို
သောတာပန်အဖြစ်ဟာ ခဲယဉ်းပြီးသကာလနေတယ်လို့ထင်မှာ
စိုးရိမ်တဲ့အတွက် ရှင်သာရိပုတ္တရာကလဲ အဖြေပေးမှာပဲ (မှန်ပါ့)။
ဒါကြောင့် သောတာပန် တည်ချင်လို့ရှိရင်ဘုရား . . . တဲ့
သမ္မာဒိဋ္ဌိဖြစ်မှ တည်တယ်လို့ ဆိုပါတယ်။
အဲဒီ သမ္မာဒိဋ္ဌိ ဖြစ်ခြင်း၏အကြောင်းကို
တပည့်တော်အား အမိန့်ရှိပါလို့ ရှင်ကောဋ္ဌိက, က မေးတယ်။
မေးတဲ့အခါ ရှင်သာရိပုတ္တရာက သောတာပန်တည်ဖို့
သမ္မာဒိဋ္ဌိကတော့ကွာ . . .တဲ့၊ မှန်မှန်ကန်ကန် ဖြစ်ဖို့ရာကတော့
ကိုယ်နဲ့လျောက်ပတ်တဲ့တရားကို နာမှု . . . တဲ့။
မိမိနဲ့လျောက်ပတ်တဲ့ တရားကိုနာမှုတဲ့ (မှန်ပ့ါ)
သဘောကျပြီနော် . . . (ကျပါပြီ ဘုရား)။
(၁)နံပါတ်က မိမိနဲ့လျောက်ပတ်တဲ့တရားကို နာမှု . . . တဲ့၊
လျောက်ပတ်ဆိုတာက တချို့ စိတ်ရှု - မဂ်ဖိုလ်ဆိုက်တာရှိတယ်။
တချို့က ဝေဒနာရှုမှ - မဂ်ဖိုလ်ဆိုက်တာ ရှိတယ်။
တချို့က ရုပ်ရှုမှ - မဂ်ဖိုလ် ဆိုက်တာ ရှိတယ်။
ဒါကြောင့် ကိုယ်နဲ့ လျောက်ပတ်တဲ့တရားကို နာမှုက ၁-နံပါတ်၊
တရားမနာဘဲနဲ့တော့ မဖြစ်ဘူးပေါ့လေ . . .(မှန်ပါ့)။
ဒါဖြင့်.. မှန်ကန်တဲ့ သမ္မာဒိဋ္ဌိဖြစ်ချင်လို့ရှိရင်ဖြင့် ဘယ်လိုများပါလိမ့်၊
ဘယ်လိုဖြည့်စွက်မှ ဘယ်လိုအကြောင်းညီညွတ်မှ သောတာပန်ဖြစ်နိုင်ပါ့မလဲလို့
မေးတဲ့အခါကျတော့ ကိုယ်နဲ့ လျောက်ပတ်တဲ့ တရားကို
နာမှု ရှိမှလို့ ရှင်သာရိပုတ္တရာက ၁-နံပါတ် ဖြေလိုက်တယ်.. (မှန်ပါ့)။
ဘယ့်နှယ်ဖြေပါလိမ့်.. (ကိုယ်နဲ့လျောက်ပတ်တဲ့တရားကို နာမှုရှိမှပါဘုရား)
ကိုယ်နဲ့လျောက်ပတ်တဲ့တရားကို နာမှုဆိုတော့
#သတိပဋ္ဌာန်လေးပါးရှိတယ်။ တချို့က ဝေဒနာရှုမှ ထင်ရှားတယ်။
တချို့ကလဲ စိတ်ရှုမှထင်ရှားတယ်၊ တချို့ကလဲသစ္စာရှုမှ ထင်ရှားတယ်။
တချို့ကလဲ ကာယနုပဿနာဆိုတဲ့ ရုပ်တစ်ခုခုကို ရှုမှ ထင်ရှားတယ်။
အဲဒီတော့ သူထင်ရှားတာတွေက သူ့စရိုက်သူလာတာ ဖြစ်ပြီး
သကာလနေတော့ အားလုံး ဒကာ ဒကာမတွေ သိပြီသားအတိုင်း
ကိုယ်နဲ့လျောက်ပတ်တဲ့ တရားနာမှုဟာ ၁- နံပါတ် အရေးကြီးတယ်။
ကိုယ့်စရိုက်နဲ့ လျော်တဲ့ တရားနာမှုဟာ ၁-နံပါတ်လို့ မှတ်လိုက်ပါ.. (မှန်ပါ့)။
ကောင်းပြီ၊ ဒါဖြင့် အရှင်ဘုရား ဒီတစ်ပါးပဲလား . . . တဲ့။
သောတာပန် တည်ချင်လို့ရှိရင် ဒီတရားတစ်ပါး နာတာနဲ့ပဲ
ကိစ္စပြီးရတော့မှာလားလို့ ရှင်ကောဋ္ဌိက, က ဆက်ပြီးမေးတယ်၊
မပြီးသေးဘူး . . .တဲ့(မှန်ပါ့)။
ကိုယ်နဲ့လျောက်ပတ်တဲ့တရား နာရုံမျှနဲ့လဲ မပြီးသေးဘူးတဲ့၊
#ယောနိသောမနသိကာရဆိုတဲ့ နှလုံးသွင်း မှန်မှုကလေးလဲ
ဒုတိယအချက် ထည့်ပါဦးတဲ့ . . .(မှန်ပါ့)
နှလုံးသွင်းမှုဟာ ဒုတိယအချက်တဲ့ ဒကာ ဒကာမတို့ (မှန်ပါ့)။
နှလုံးသွင်းမှုဟာဘာပါလိမ့် (ဒုတိယအချက်ပါဘုရား)
ကိုယ်နဲ့လျောက်ပတ်တဲ့ တရားနာမှုက (ပထမအချက်ပါဘုရား)
ဤနှစ်ချက်သာ ပြည့်စုံဖို့လိုတယ်ကွာ . . .တဲ့။
ဤနှစ်ချက်ပြည့်စုံလို့ရှိရင်ဖြင့် သောတာပန်တည်ဖို့ရာဟာဖြင့်
ဤအင်္ဂါနှစ်ပါးပဲ ရှိပါတယ်လို့ ရှင်သာရိပုတ္တရာက ရှင်ကောဋ္ဌိကရဲ့အမေးကို
နောင်လာနောက်သားတွေအတွက် ဖြေနှစ်ခုပေးခဲ့တာကို
ဘုန်းကြီးတို့ ဒကာ ဒကာမတွေက လေးလေးနက်နက် မှတ်ပြီးသကာလ
#ကိုယ်နဲ့လျောက်ပတ်တဲ့တရားနာမှု၊ #နှလုံးသွင်းမှန်မှု၊
ဤနှစ်ခုရှိလို့ရှိရင် သောတာပန် အမှန်အကန်မြင်တဲ့
သမ္မာဒိဋ္ဌိဖြစ်ပါတယ်ကွာလို့ သေသေချာချာ ဟောတယ်..(မှန်ပါ့)။
အဲဒါကြောင့် ဘာပါရမီတွေ ဘာတွေ ဒါလောက် မလိုလှဘူးလို့
မှတ်လိုက်စမ်းပါ။ ပါရမီတကယ်လိုတာက လက်ဝဲရံဖြစ်ရပါလို၏၊
လက်ယာရံဖြစ်ရပါလို၏ ဟုတ်လား (မှန်ပါ)
အသီတိမဟာသာဝကကြီး ရှစ်ကျိပ်ဖြစ်ရပါလို၏ အစရှိသည်နဲ့
ဒီလိုသောတာပန်တည်ရုံမျှ မကဘဲနဲ့ မြင့်မြတ်ဂုဏ်ထူးကြီးတဲ့အရာတွေပါ
လိုချင်လို့ရှိရင်တော့ဖြင့် အသေင်္ချေနဲ့ ကမ္ဘာတစ်သိန်းရယ်
ကမ္ဘာတစ်သိန်း ကာလရယ် ဆိုတာတွေ ပြုလုပ်ကြရလိမ့်မယ် (မှန်ပါ့)။
ဟာ.. တပည့်တော်တို့ဖြင့် သံသရာရှည်တာလဲ မကြိုက်ပါဘူး။
ပါရမီလဲ ဒါလောက်ကြာအောင် မဖြည့်ချင်ပါဘူး။
နိဗ္ဗာန်ဝင်တဲ့အခါကျလို့ရှိရင် ဂုဏ်ထားနဲ့လဲ မဝင်ချင်တော့ပါဘူး။
မြန်မြန်ပဲ ခန္ဓာဇာတ်သိမ်း ငြိမ်းရာဖြစ်တဲ့နိဗ္ဗာန် လိုချင်ပါတယ်ဆိုလို့ရှိရင်ဖြင့်
ဒကာဒကာမတို့ ဒီနှစ်ချက်ပဲ… အလွယ်သားပဲ (လွယ်ပါတယ် ဘုရား)
မောင်နိုင် မလွယ်ဘူးလား (လွယ်ပါတယ် ဘုရား)။
ကိုယ်နဲ့လျောက်ပတ်တဲ့တရားကို နာမှု ၁-နံပါတ်၊
နှလုံးသွင်းမှန်မှု (၂-နံပါတ်ပါဘုရား) ဤနှစ်ခု ရှိလို့ရှိရင်ဖြင့်
ဆုကြီးပန်မဟုတ်ခဲ့လို့ရှိရင် ဒါဟာကွာ သောတာပန် တည်တာပါပဲတဲ့.. (မှန်ပ့ါ)။
ဒကာ ဒကာမတွေ အားတက်စရာ သိပ်ကောင်းပါတယ်
မေးတဲ့ပုဂ္ဂိုလ်က ရှင်ကောဋ္ဌိကဆိုတဲ့ ရဟန္တာ၊
ဖြေတဲ့ပုဂ္ဂိုလ်က ရှင်သာရိပုတ္တရာ၊ အဲဒါ စူဠဝေဒလ္လသုတ်မှာ (မှန်ပ့ါ)။
စူဠဝေဒလ္လသုတ်ဆိုတဲ့ဥစ္စာ မူလပဏ္ဏာလပါဠိတော်မှာ လာတယ်လို့မှတ်ပါ။
အဲဒီမှာ သေသေချာချာဟောထားတဲ့အတွက် ရှေးက
သူများပြောသံကြားတွေကို အားလုံးဒကာဒကာမတွေက
မှတ်မထားဘဲနဲ့ သောတာပန် တည်ချင်လို့ရှိရင် ဒီအင်္ဂါနှစ်ချက်သာ
ပြည့်စုံဖို့ အရေးကြီးတယ်ဆိုတာကို ယနေ့ ဆုံးဖြတ်ချက်ချပစ်လိုက်ပါ။
သောတပန်တည်ချင်လို့ရှိရင်ဖြင့် ကိုယ်နဲ့လျာက်ပတ်တဲ့
တရားဆိုတာကို နာမှု (မှန်ပါ့) လျောက်ပတ်တဲ့တရားဆိုတာက
သတိပဋ္ဌာန်လေးပါးထဲက တစ်ပါး ပါးပဲ (မှန်ပါ့)။
ကိုယ်နဲ့ လျောက်ပတ်တဲ့ တရားနာမှု - ၁ နံပါတ်၊
နှလုံးသွင်းမှန်မှု ၂-နံပါတ် (မှန်ပါ့)။
ဤအင်္ဂါနှစ်ပါးနဲ့ပြည့်စုံလို့ရှိရင်ဖြင့် ဆုကြီးပန် မဟုတ်ခဲ့သော်
ဒကာဒကာမတို့ ဘယ်အချိန်မဆို ရတယ်လို့ ဆုံးဖြတ်ချက်ချပါ။
ဒါဖြင့် မောင်နိုင်ရေ သိပ်ဝေးသေးသလားလို့ မေးရင် . . .(မဝေးပါဘုရား)
အဲဒီတော့ ဘုန်းကြီးများကတော့ဖြင့် ဒကာဒကာမတွေကို
သတိပဋ္ဌာန်ကို သေသေချာချာ ဟောနေတာပဲ။
စိတ္တာနုပဿနာလဲ ဟော၊ ဝေဒနနုပဿနာလဲ ဟော၊
ကာယနုပဿနာလဲ ဟော၊ သစ္စာဆိုတဲ့ ဓမ္မာနုပဿနာတွေလဲ ဟော၊
အဲဒီတော့ ဒီအထဲက တစ်ခုခုတော့ တိုက်မိရတော့မှာ သေချာတယ် (မှန်ပါ့ဘုရား)။
ခင်ဗျားတို့နားထဲမှာ သတိပဋ္ဌာန်လေးပါးထဲက တစ်ပါးပါးနဲ့တော့ဖြင့်
ကိုယ့်စရိုက်နဲ့ ကိုယ့်အကြိုက်တော့ တွေ့တော့မှာပဲ (မှန်ပ့ါ)။
တွေ့တဲ့အခါကျလို့ရှိရင် သြော်.. ဒါ ၁-နံပါတ် အောင်မြင်ပြီသကာလ၊
၂-နံပါတ် နှလုံးသွင်းမှန်မှုကလေး ဒါကို အထူးဂရုစိုက်ပါဆိုတာ
ယနေ့လေးလေးနက်နက်ပဲ ဒကာ ဒကာမတွေကို သိစေချင်လို့
ပြောကြားသည်လို့ မှတ်ရမယ် (မှန်ပါ့ဘုရား)။
ဒီနှစ်ချက်ကိုဖြင့် မေ့မပစ်လိုက်ကြပါနဲ့ဆိုတာ ဒကာ ဒကာမတွေကို
သတိပေးရတယ်။ ၁-နံပါတ်ကဘာတဲ့ (ကိုယ်နဲ့လျောက်ပတ်တဲ့တရားကို နာမှု)
သတိပဋ္ဌာန်လေးပါးထဲက တစ်ပါး, ပါးပေါ့ဗျာ (မှန်ပါ့ဘုရား)။
ကိုယ်နဲ့လျောက်ပတ်တာ ကိုယ်ကြိုက်တာ၊
တပည့်တော်ကတော့ ဝေဒနာမှ ထင်ရှားတယ်ဘုရား၊
အဲဒါကြောင့် ဝေဒနာကို တပည့်တော်တို့ အတွေ့များတယ်ဆိုလို့ရှိရင်
အဲဒါ ကိုယ်နဲ့ လျောက်ပတ်တဲ့ တရားသာ မှတ် . . .(မှန်ပါ့)
တပည့်တော် စိတ်ကိုပဲ အားကြီးရှုလို့၊
မြင်လွယ် ထင်လွယ် ရှိတယ် ဘုရား ဆိုလို့ရှိရင်
ဒကာဒကာမတွေ ကိုယ်နဲ့လျောက်ပတ်တာ စိတ်ပဲလို့မှတ်ပါ (မှန်ပါ့)။
တပည့်တော်ကတော့ဘုရား ရုပ်တွေ၏ဓာတ်လေးပါးတို့၏
လှုပ်လိုက်ငြိမ်လိုက် ဝါယောဓာတ်တွေ ဖြစ်တာ ပျက်တာတွေ
ပူလိုက် အေးလိုက်၊ တေဇောဓာတ်တွေ ဖြစ်တာပျက်တာတွေ
တပည့်တော်က ဒါပဲ ထင်ရှားတယ်ဆိုရင် အဲဒါ
ကိုယ်နဲ့လျောက်ပတ်တဲ့တရားလို့ မှတ်ပါ (မှန်ပ့ါ)။
တပည့်တော်ကတော့ ဘယ်ဟာ ကြည့်လိုက် ကြည့်လိုက် ဝိပရိဏာမ
ဖောက်ပြန်တာကလေးတွေဟာ ဒုက္ခသစ္စာချည့်ပဲလို့ မြင်နေတယ်။
ဝေဒနာကြည့်လဲ ဖောက်ပြန်တဲ့ ဒုက္ခသစ္စာလို့ပဲ မြင်တာပဲ။
လောဘစိတ်တွေ ကုသိုလ်စိတ်တွေ ကြည့်လိုက်ပြန်လဲ
ဖောက်ပြန်တဲ့ ဒုက္ခသစ္စာချည့်ပဲ မြင်တယ်ဆိုရင်
သြော် - သူက သစ္စာဆိုတဲ့ ဓမ္မာနုပဿနာ သတိပဋ္ဌာန်နဲ့
သူ့စရိုက်နဲ့ကိုက်လို့ သူ့ဉာဏ်ထဲ အထင်များတာကိုးဆိုပြီး
အဲဒါ ကိုယ်နဲ့လျောက်ပတ်တဲ့တရားလို့ မှတ်လိုက်ပါ (မှန်ပါ့ဘုရား)။
ဒါနဲ့ ကိုယ်နဲ့လျောက်ပတ်တဲ့တရားကတော့ ရှုကြည့်ရင် သိတယ်နော်။
ရှုကြည့်ရင် သိပါတယ် ဒကာဒကာမတို့၊ အဲဒီတော့ ဘုန်းကြီးက
ကူညီရမှာက ဘာကို ကူညီရမှာလဲလို့ မေးတော့ ၂-နံပါတ်ဖြစ်တဲ့
နှလုံးသွင်းမှန်မှုကလေးတော့ ကူညီရလိမ့်မယ် (မှန်ပါ့ဘုရား)။
နှလုံးသွင်းမှန်ကန်မှုဆိုတာ ဒကာဒကာမတွေ နှလုံးသွင်းမှုဆိုတဲ့
အချက်ကလေးဟာက အင်မတန် အရေးကြီးပါတယ်။
နှလုံးသွင်းမှုဆိုတာက ဒကာဒကာမတို့ ဘာပါလိမ့်မလဲလို့ မေးစရာမလိုပါဘူး။
ကိုယ့်စရိုက်နဲ့ တော်တဲ့ တရားဟာ ကိုယ်တွေ့ပြီ။
ဥပမာ စိတ်ဖြင့်လဲ စိတ်နဲ့ပဲ ကိုယ့်စရိုက်နဲ့ ကိုယ်နဲ့လျော်တယ်။
ဝေဒနာပဲ ကိုယ်နဲ့ လျော်တယ်ဆိုလို့ ရှိရင်ဖြင့် အဲဒီလျော်တဲ့တရားကို
ကိုယ်ကနာထားပြီး ရှုတဲ့အခါကျတော့ နှလုံးသွင်းမှန်မှုဟာ
ဘုန်းကြီးတို့ကလဲ ကူညီမယ်၊ ဒကာဒကာမတွေကလဲ
ဒီနှလုံးသွင်းနဲ့ အရယူပြီးသကာလ တည့်အောင် ဂရုစိုက်ပါဆိုတာ
ယနေ့ ပြောရတယ် . . . (မှန်ပါ့ ဘုရား)။
ကဲ.. ဒါဖြင့် နှလုံးသွင်းမှန်မှုဆိုတာ ဒကာဒကာမတို့
တခြား မဟုတ်ပါဘူး အနိစ္စရှိရင် နိစ္စသိ၍
ဒါနှလုံးသွင်းမှန်ပြီလို့မှတ် (မှန်ပါ့ဘုရား)။
အနိစ္စရှိတဲ့တရားကို အနိစ္စရယ်လို့တွေ့ရင်. (နှလုံးသွင်းမှန်ပါပြီ)
ဒုက္ခရှိတဲ့တရား ဒုက္ခဖြစ်နေတာကို ဒုက္ခရယ်လို့တွေ့ရင်
(နှလုံးသွင်းမှန်ပါပြီ ဘုရား)။
အဲ.. ပုဂ္ဂိုလ်သတ္တဝါတွေ ပျောက်ပြီးသကာလ၊
အနိစ္စရှိ၍ အနိစ္စတွေ့တာပဲလို့ ဆိုရင် ဒါ.. နှလုံးသွင်း မှန်တာပါပဲ။
အနတ္တရှိ၍ အနတ္တတွေ့ရင်ကော..
အသုဘရှိ၍ အသုဘတွေ့ရင်ကော..
(နှလုံးသွင်းမှန်ပါတယ် ဘုရား)
အဲဒီတော့ ဒကာဒကာမတွေ နှလုံးသွင်းမှန်မှုကိုလဲ အနိစ္စ
ခပ်သန်သန် ရှုလိုက်တဲ့အခါမှာ အနိစ္စရှိ၍ အနိစ္စပဲ ဉာဏ်ထဲမှာ
တွေ့လို့ရှိရင် ဒါနှလုံးသွင်းမှန်ပြီလို့ မှတ်လိုက်ပါတော့ (မှန်ပါ ဘုရား)။
ကိုယ်က ဒုက္ခ အလေ့အကျက်များလို့ ဒီဥစ္စာကလေးဟာ
ဖြစ်ဒုက္ခ, ပျက်ဒုက္ခလို့ဆိုပြီး ဒုက္ခကလေးတွေချည်းပဲ
ဉာဏ်ထဲမှာ ဝေဒနာကြည့်လိုက်ပြန် ဝေဒနာမတွေ့ ဒုက္ခတွေ့၊
စိတ်ကြည့်လိုက်ပြန် ဝေဒနာမတွေ့ ဒုက္ခတွေ့ ဆိုလို့ရှိရင်ဖြင့်
ဒါ . . . နှလုံးသွင်းမှန်ပြီလို့ပဲ ဒကာဒကာမတွေ ဆုံးဖြတ်ချက်ချပါတော့။
အနတ္တရှိ၍ အနတ္တတွေ့ရင်ကော (နှလုံးသွင်းမှန်ပါတယ် ဘုရား)။
ကိုင်း.. ဒါဖြင့် နှလုံးသွင်းမှန်ဆိုတာက ဒကာဒကာမတို့
အရှိနဲ့အသိ ကိုက်ဖို့ပါပဲလို့ ခဏခဏပြောတယ်။
ဘယ်လိုပါလိမ့် (အရှိနဲ့အသိ ကိုက်ဖို့ပါဘုရား)။
အရှိနဲ့အသိ ကိုက်ဖို့ပါပဲဆိုတာ အရှိနဲ့အသိ ကိုက်သွားလို့ရှိရင်
ခန္ဓာထဲက အနိစ္စရှိ၍ အနိစ္စသိရင် ကိုဝ၊ ကိုစံလှ
နှလုံးသွင်းမှန်လို့သာ မှတ်ပေတော့ (မှန်ပါ့)
ဒုက္ခရှိ၍ ဒုက္ခသိရင် (နှလုံးသွင်းမှန်ပါတယ်)
အနတ္တရှိ၍ အနတ္တသိရင် (နှလုံးသွင်းမှန်ပါတယ် ဘုရား)။
အဲ.. ကိုယ်နဲ့ လျော်တဲ့တရားကို တွေ့ပြီးပြီ၊
ငါတော့ဖြင့် ဝေဒနာကို ရှုလို့ကောင်းတယ်၊
ငါထိုင်လိုက်လို့ရှိရင် ဝေဒနာက အရင်ပေါ်တယ်။
ဒါကြောင့် ဝေဒနာဖြစ်ပျက်၊ ဝေဒနာကိုသာ ငါတွေ့တယ်လို့ဆိုရင်
ဒါဟာ ကိုယ်နဲ့လျော်တဲ့တရား ဖြစ်လေသောကြောင့်
အဲဒီ ဝေဒနာကလေးတွေ၏ ပျောက်ပျက်မှုတွေကို
သြော်.. ပျောက်ပျက်တဲ့တရားမို့ ပျောက်ပျက်တာတွေချည်း
တွေ့နေလို့ရှိရင် ကိုဝ၊ ကိုစံလှ နှလုံးသွင်းမှန်ပြီ (မှန်ပါ့)။
ဒါဖြင့် အင်္ဂါနှစ်ချပ်ပေါ့ဗျာ (မှန်ပါ့) အဲဒီတော့ ပါရမီတွေဘာတွေ
သိပ်တွေးမနေကြဘဲ ခင်ဗျားတို့ အခု သောတပန် တည်ချင်ကြတယ်၊
မကြချင်ပါဘူးဘုရား၊ ဘာဆုမှလဲ မလိုချင်တော့ပါဘူး။
လက်ဝဲရံ-လက်ယာရံ အသီတိမဟာသာဝကဆိုတဲ့
ဂုဏ်ထူးဆောင်ဘွဲ့တွေ မယူချင်တော့ပါဘူးဆိုလို့ရှိရင်ဖြင့်
နိဗ္ဗာန်ရောက်တဲ့အခါ နိဗ္ဗာန်သည်ကား ဆိုလို့ရှိရင်
“သန္တိလက္ခဏံ နိရောဓသစ္စံ” ဆိုသည့်အတိုင်း
နိဗ္ဗာန်ဟာ ငြိမ်းအေးခြင်း တစ်ခုတည်းပဲ။
ဘုရားရောက်တဲ့နိဗ္ဗာန်လဲ ကိုဝ ငြိမ်းအေးခြင်း ရတာပဲ (မှန်ပါ့)။
ရှင်သာရိပုတ္တရာ, ရှင်မောဂ္ဂလာန်တို့ ရတဲ့နိဗ္ဗန်ကော (ငြိမ်းအေးခြင်းပါဘုရား)
အသီတိရှစ်ကျိပ်တွေ၊ သာဝကတွေ ပါရမီ ရိုးရိုးတရားနာရင်းနဲ့
ပြီးသွားတဲ့ ပုဂ္ဂိုလ်တွေ ဒီပုဂ္ဂိုလ်တွေ ရတဲ့နိဗ္ဗာန်ကလဲ
ဘုရားရတဲ့ နိဗ္ဗာန်ထက် ပိုမိုပြီး သကာလ သေးသိမ်တယ်ဆိုတာ
ဒကာဒကာမတွေက မမှတ်နဲ့ (မှန်ပါ့)။
နိဗ္ဗာန်ကျတော့ တစ်ခါတည်း သန္တိလက္ခဏာ တစ်ခုသာ ရှိပြီး
သကာလနေတဲ့အတွက် ဘယ်သူရောက်တဲ့ နိဗ္ဗာန်သည်
အထူးအခြားရယ်လို့ မထားပါဘူး။
နိဗ္ဗာန်ဆိုတာ ခန္ဓာဇတ်သိမ်း ငြိမ်းတာချင်းအတူတူ
ကိလေသာ ဇာတ်သိမ်း၍ ငြိမ်းတာချင်းကော (အတူတူပါဘုရား)။
ဒါဖြင့် ငြိမ်းအေးခြင်းလက္ခဏာ တစ်ခုတည်းပဲ ပေါင်းဆုံနေတယ်ဆိုတာ
ဒကာဒကာမတွေက မှတ်ထားလိုက်တော့။ သြော်.. တိုသည်ကားလို့
ဆိုလို့ရှိရင်ဖြင့် ခန္ဓာရှည်လေလေ ဒုက္ခရှည်လေလေပဲ မှတ်ပြီးသကာလ၊
ဒီနှစ်ချက်ကိုပဲ ကိုယ်နဲ့ လျောက်ပတ်တဲ့ တရားကို နာရပြီးပြီဆိုလို့ရှိရင်
ဒကာဒကာမတို့ အရင်ပြောတဲ့အတိုင်း မနက်အားထုတ် ညနေရမှာပဲ။
ညနေအားထုတ် မနက်ရမှာပဲ။
#ကိလေသာကြားမညှပ်စေနဲ့.. ဆိုတာနဲ့ ဖြည့်စွက်ပြိး
မှတ်လိုက်တာပေါ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒီလိုဆိုတော့ ဝန်လေးစရာအကြောင်းများကို ရှိသေးသလား။
အဲဒီတော့ တပည့်တော်တို့ ဘုရား.. ဘယ်အတွက်ကြောင့်များ
ချို့နေသတုံးလို့ မေးတဲ့အခါ ကျလို့ရှိရင်ဖြင့် ဘုန်းကြီးပြောမယ်။
တရားမနာတဲ့ လူမှာတော့ဖြင့် နှစ်ဦးတည်းပဲ တရားမနာဘဲနဲ့
မဂ်ဖိုလ်ရတာ ရှိတယ်လို့ ကိုဝ ကိုစံလှ မှတ် (မှန်ပါ့)။
ပစ္စေကဗုဒ္ဓါ နဲ့ ဘုရားပဲ သူများတရားနာဘဲနဲ့
သောတာပန် စ,တည်တယ်။ ကျန်တဲ့ပုဂ္ဂိုလ်ဟူသရွေ့
ပစ္စေကဗုဒ္ဓါနှင့် ဘုရားမှတစ်ပါး ကျန်တဲ့ပုဂ္ဂိုလ်
ဟူသရွေ့မှာဖြင့် တရားနာမှပဲ ရတယ် (မှန်ပ့ါ)။
တရားနာမှပဲ နှလုံးသွင်းမှန်နေမှပဲ ကျန်တဲ့ပုဂ္ဂိုလ်တွေရတယ်ဆိုတော့
ဘယ်သူ့ အကိုးအကား ထုတ်လိုက်သတုံးလို့ မေးတော့
တစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်း ရှင်သာရိပုတ္တရာ
ပါရမီဖြည့်လာတာ ရဟန္တာဖြစ်ဖို့ပေါ့ဗျာ . . .(မှန်ပ့ါ)
နည်းသလား ကိုဝ ကိုစံလှရေ . . . (မနည်းပါဘုရား)
မောင်နိုင် မနည်းဘူးပေါ့နော် (မှန်ပါ့)။
တစ်သေင်္ချနဲ့ ကမ္ဘာတစ်သိန်း တဲ့၊
တစ်ခါတည်း ဝိပဿနာတွေလုပ် အမျိုးမျိုးအဖုံဖုံ
ပါရမီတွေ ဖြည့်လာလိုက်တာ တစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်းဆိုတော့
ကိုဝ.. ကျုပ်တို့ဖြင့် စိတ်တောင် မကူးရဲလောက်အောင်ပဲ (မှန်ပါ့)။
အဲဒီ ပုဂ္ဂိုလ်ကြီးတောင်မှ အရှင်အဿဇိဆိုတဲ့ ရဟန္တာပုဂ္ဂိုလ်က
"ယေဓမ္မာ ဟေတုပ္ပဘဝါ တေသံ ဟေတုံ တထာဂတော
အာဟ တေသဉ္စယော နိရောဓေါ ဧ၀ံ ဝါဒီ မဟာသမဏောတိ" ဆိုတဲ့
ဒီဂါထာကလေးမှ မကြားလိုက်ရလို့ ရှိရင်ဖြင့် တစ်သင်္ချေနဲ့
ကမ္ဘာတစ်သိန်းဟာ ကျွတ်တမ်းမဝင်နိုင်ဘူး (မှန်ပါ့)
တစ်ခါတည်း သောတာပန်က စ, တည်ပြီး
ရဟန္တာဖြစ်ဖို့ အကြောင်းမရှိဘူး (မှန်ပါ့)။
ကဲ.. မောင်နိုင် တရားနာမှု ဘယ်လောက်
အရေးကြီးတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် . . . တရားနာမှုမရှိဘဲနဲ့ ရတာ ဘယ်နှစ်ပါးသာ ရှိသတုံး
(နှစ်ပါးသာရှိပါတယ် ဘုရား) ဘုရားရယ်, ပစ္စေကဗုဒ္ဓါရယ်။
ကျန်တဲ့ပုဂ္ဂိုလ်ဖြင့် တရားနာရမှပဲ၊ ဒါကြောင့်..
ကိုယ်နဲ့လျောက်ပတ်တဲ့တရားနာမှု ၁-နံပါတ်ဆိုတာ
ရှင်သာရိပုတ္တရာက သေသေချာချာ ဟောခဲ့တာပဲနော်။
ဒါဖြင့် ရှင်သာရိပုတ္တရာသည် ဒကာဒကာမတို့
တစ်သင်္ချေနဲ့ကမ္ဘာတစ်သိန်း ပါရမီဖြည့်ပြီးသား (မှန်ပါ့)
ပဉ္စဝဂ္ဂီငါးဦးထဲက အရှင်အဿဇိ-ဆိုတဲ့ ပုဂ္ဂိုလ်ကြီး
လာတဲ့အခါမှာ သူဟာ ဒိဋ္ဌိအယူဝါဒနဲ့ပဲ
မောင်နိုင် ရှိသေးတယ်နော် (မှန်ပါ့)။
သူကလဲ ဆွမ်းခံသွားတာပဲ၊ ဒိဋ္ဌိအယူယါဒနဲ့ပဲ ဆွမ်းခံသွားတာပဲ။
ဟိုကလဲ ရဟန္တာဖြစ်ပြီးသား ပုဂ္ဂိုလ် ဆွမ်းခံလာတာနဲ့
လမ်းဆုံတဲ့အခါမှာ သူက အရှင်ဘုရားရဲ့ဆရာ ဘယ်သူတုံး
အရှင်ဘုရားကို ဆရာဟောတဲ့ တရားများဟာ ဘယ်တရားများ
ဟောပါလိမ့်မလဲ မေးတော့ “ယေဓမ္မာ ဟေတုပ္ပဘဝါ” ကို ဟောတာပဲနော်။
ယေဓမ္မာ - အကြင် ရုပ်နာမ်ဓမ္မဟူသည်။
ဟေတုပ္ပဘဝါ - အကြောင်းကြောင့်ဖြစ်တာချည်းပဲ၊
သြော် . . .ဒါဖြင့် သူကရိပ်မိပြီ၊
ငါ့သန္တာန်မှာရှိတဲ့ ရုပ်နာမ်တွေဟာ
အကြောင်းတရားကြောင့် ဖြစ်တော့
အကြောင်းချုပ်ရင် အကျိုးချုပ်မှာပဲဆိုပြီး
ခန္ဓာဉာဏ် လှည့်လိုက်တယ် (မှန်ပါ့)။
ခန္ဓာဉာဏ် လှည့်လိုက်တော့ တစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်း
ဖြည့်ဆည်းပူတဲ့ပါရမီကလဲ ဖွင့်ပေးမှာကလေး လိုနေသေးတဲ့
အတွက်သာ သူအောင့်အည်း သည်းခံပြီး အညွန့်အညှောက်
မပေါက်ဖြစ်ပြီး သကာလနေတော့ အခုလို
‘ယောဓမ္မာ ဟေတုပ္ပဘဝါ’ဆိုတဲ့ အတိုင်း ဒီဂါထာကလေးကို
သေသေချာချာ ဟောလိုက်သဖြင့် အကြောင်း ဖြစ်ရင် အကျိုး ဖြစ်တယ်၊
အကြောင်းချုပ်ရင် အကျိုးချုပ်တယ် ဆိုတော့ ဒကာဒကာမတို့
အဖြစ်နဲ့အပျက်ကို သူ့ဉာဏ်ထဲ ထင်သွားတယ် (မှန်ပါ့)။
အဲဒီတွင် ဖြစ်ပျက်ဉာဏ် ထင်ပြီးသကာလ
ဖြစ်ပျက်မုန်း, ဖြစ်ပျက် အဆုံးကိုနာရင်း
မတ္တနဲ့ ခန္ဓာဉာဏ် စိုက်လိုက်တာ
ဒီနေရာတွင် သောတာပန်တည်တယ်။
သဘောပါပလား (ပါ ပါပြီ ဘုရား)။
ဒါဖြင့် တရားနာမှုနဲ့ သူ-နှလုံးသွင်းမှန်မှု ကိုက်သွားတယ်။
ရှင်းပကြပလား . . . (ရှင်းပါပြီဘုရား)။
#တရားနာမှုရယ် #နှလုံးသွင်းမှန်မှုရယ် ကိုက်သွားတဲ့အတွက်
အရှင်ဘုရား.. ကြွနှင့်တော့ဘုရား၊ ဘုရားဘယ်မှာ
သီတင်းသုံးနေသတုံး မေးတာပဲ၊ ဟာ.. ဘယ်မှာ သီတင်းသုံးတယ်။
ဒါဖြင့် တပည့်တော် နောက်ကလိုက်ခဲ့ပါမယ်ဘုရား။
တပည့်တော် မိတ်ဆွေတစ်ယောက်နဲ့ ကတိထားတာ
ရှိသေးတယ်ဆိုတော့ အရှင်မောဂ္ဂလာန် အလောင်းကောလိတ
ပရိဗိုဇ်နဲ့ တရားထူးတွေ့ရင် ပြောကြစတမ်းဆိုတာ ရှိသေးတာကိုး (မှန်ပါ့)။
အဲဒါကြောင့် သူ့မိတ်ဆွေကို သွားခေါ်ချင်တဲ့အတွက် ချက်ချင်းလိုက်မသွားတာ၊
နို့မဟုတ်ရင် ချက်ချင်း လိုက်သွားတယ်နော် . . . (မှန်ပါ့)။
ပြီးတော့ . . . သူ့ဆရာကြီး သိဉ္စည်းဆရာကြီးလဲ ရှိသေးတယ်၊
အဲဒီမှာ သူ-ပရိဗိုဇ်ဖြစ်ပြီးသကာလ နေတော့..
သြော်- ဆရာကြီးလဲ လွဲနေတယ်၊ တို့ဆရာကြီးတော့
သွားပြီးသကာလ ခေါ်ဦးမှပဲဆိုပြီး ဆရာကြီးကိုလဲခေါ်ချင်တယ်။
သူ-ကတိထားခဲ့တဲ့ ရှင်မဟာမောဂ္ဂလာန်အလောင်းကိုလဲ
ခေါ်ချင်တဲ့အတွက် တစ်ခါတည်းပါမသွားတာ။
နို့မဟုတ်ရင် တစ်ခါတည်း လိုက်သွားမှာ။
ဒါနဲ့ ရှင်မောဂ္ဂလာန်အလောင်းနဲ့ တွေ့တဲ့အခါမှာလဲ
သူက ဒီတရားပဲ ဟောပြန်တာပဲ။ ‘ယောဓမ္မာ ဟေတုပ္ပဘဝါ’
- အကြောင်းဖြစ်ရင် အကျိုး ဖြစ်တာပဲဆိုတာကို
သူ ဟော လိုက်တဲ့အတွက် သူလဲ ထို့အတူပဲ၊
တရားနာလို့ သောတာပန် တည်ပြန်တာပဲ.. (မှန်ပါ့)။
အဲဒီတော့ ကိုယ်နဲ့လျှောက်ပတ်တဲ့တရား ဆိုတော့
အကြောင်းဖြစ်ရင် အကျိုးဖြစ်တယ်၊
အကြောင်းချုပ်ရင် အကျိုးချုပ်တယ်ဆိုတော့
ဘယ်တရားမဆို ဒကာဒကာမတို့ အဖြစ်နဲ့ အပျက်ပဲရှိတယ်ဆိုတာ
သိပြီးသား မနေဘူးလား (နေပါတယ် ဘုရား)။
အဲဒီအဖြစ်နဲ့ အပျက်နဲ့ ဉာဏ်နဲ့ ကိုက်ကိုက်သွားရင်
ဒါဟာ နှလုံးသွင်း မှန်တော့တာပဲ . . . (မှန်ပါ့)
သဘောကျပလား . . . (ကျပါပြီ ဘုရား)။
★ဖြစ်ပျက်နဲ့ ဉာဏ်နဲ့ ဟပ်,ဟပ် သွားလို့ရှိရင်..★
(နှလုံးသွင်း မှန်ပါတယ် ဘုရား)။
နှလုံးသွင်းမှန်လို့ရှိရင်ဖြင့် နာထားတဲ့တရားကလဲ ဒီအတိုင်း
နှလုံးသွင်းလိုက်တော့လဲ ဒီအတိုင်းဆိုရင် ချက်ချင်း
သောတာပန် တည်ပါတယ်တဲ့ ဒကာဒကာမတို့နော်။
နာထားတဲ့တရားကလဲ ဒီအတိုင်းပဲနော်။
နာထားတဲ့ တရားကလဲ ဖြစ်ပျက်ကို နာထားရတယ်
ကိုယ့်ဉာဏ်မှာလဲ ဖြစ်ပျက်ပဲ ရှုကြည့်တော့ တွေ့လို့ ရှိရင်
သောတပန်တည်မှာ သေချာတယ်လို့ ဆုံးဖြတ်ချက်ချ၊
ဘာမှ သံသယမရှိနဲ့ . . .(မှန်ပါ့)
သဘောကျပလား . . . (ကျပါပြီ ဘုရား)။
နာထားရတဲ့ တရားကလဲ အနိစ္စာဝတ သင်္ခါရာ ဆိုတော့
ဘုန်းကြီးတို့ ဟောနေတော့ သင်္ခါရတရား ပျက်သည်ဆိုတော့
အဖြစ်နဲ့ အပျက်ပဲ မနေဘူးလား . . . (နေပါတယ် ဘုရား)
ကိုယ်ရှုလိုက်တဲ့ အချိန်မှာလဲ ဒါပဲတွေ့မယ် . .။
နာတုန်းကလဲ ဒီတရားပဲ နာထားတယ်။
ကိုယ်ရှုလိုက်တဲ့အခါကော (ဒီတရားပဲတွေ့ပါတယ် ဘုရား)
ဒီတရားပဲ တွေ့တယ်ဆိုရင် ကိုဝ, ကိုစံလှ
ကိစ္စပြီးပြီသာအောင်မေ့ . . . (မှန်ပါ့)။
နာထားတဲ့တရားနဲ့ ကိုယ်နှလုံးသွင်းလိုက်တာနဲ့
ကိုက်ထွက်သွားလို့ရှိရင်ဖြင့် ဂုဏ်ထူးနဲ့ နိဗ္ဗာန်မဝင်ချင်လို့ရှိရင်
ပါရမီတွေ ဘာတွေ ဒါလောက်မလိုပါဘူး။ အခုဟာက
ပဏ္ဏာသမှာ ဟောတော်မူတာ . . . (မှန်ပါ့)
သဘောကျပလား . . . (ကျပါပြီ)
ဒီအတိုင်းပဲ ဟောတယ် . . . (မှန်ပါ့)။
ဒါကြောင့် ဒကာဒကာမတွေ ဘုရားဟောတဲ့ ကျမ်းဂန်တွေ
ကိုယ်တော်တိုင် ဟောတာတွေ ဖြစ်ပြီးသကာလ နေတဲ့အတွက်
ဘုရားထောက်ခံတဲ့ ကျမ်းစာတွေ ဖြစ်ပြီးသကာလ နေတဲ့အတွက်
တို့သည်ကားလို့ဆိုရင် ပါရမီမှရှိရဲ့လား?
လုပ်နေရတာကတော့ လုပ်နေရတာပဲ။
ဒီဘဝမှာ စ,နေတာများ ဖြစ်လေရော့သလားဆိုပြီး
ကိုယ့်သံသယ၊ ကိုယ့် ကုဣစ္စ ကိုယ့်ကိုယ်တော့ဖြင့်
မကန့်ကွက်ပါစေနဲ့ ဆိုတာ လေးလေးနက်နက် တားတယ်။
ဘုန်းကြီးက တားတယ် . . . (မှန်ပါ့)။
သြော်.. တို့ကလဲ သားနဲ့-သမီးနဲ့-ဆွေမျိုးနဲ့-အိမ်နဲ့ရာနဲ့ ပျော်လိုက်
ပါးလိုက်နေခဲ့ကြရတော့ တို့ကတော့ဖြင့် အခုဆရာဘုန်းကြီး
ပြောသလောက်တော့ မလွယ်ဘူးထင်တယ်လို့ဆိုရင်
ကိုယ့်ကိုယ်ကို သံသယ ကုဣစ္စဖြစ်တာ . . . (မှန်ပါ့)
မောင်နိုင် သဘောကျပလား (ကျပါပြီဘုရား)။
ကိုယ့်ကိုယ်ကို ဘာတုံး . . . (သံသယ ကုက္ကုစ္စ ဖြစ်တာပါဘုရား)
ကိုယ့်ကိုယ်ကို သံသယ ကုက္ကုစ္စ ဖြစ်လို့ရှိရင် တရားရထိုက်ပါရဲ့သားနဲ့
ကုဣစ္စက တားလိုက်မယ် (မှန်ပါ့)
ဦးခန့်တို့ ရိပ်မိလား . . .( ရိပ်မိပါပြီ ဘုရား)။
အဲဒါကြောင့် ဒကာဒကာမတွေကိုလဲ သေသေချာချာ မှာပါတယ်။
ကိုယ့်ကုဣစ္စ နဲ့ ကိုယ့်သံသယက ကိုယ့်တားလို့ရှိရင်
ဘုန်းကြီးများက တာဝန်မယူဘူးပေါ့ဗျာ . . .(မှန်ပါ့)
အခု ဘုရားဟောတော်မူတဲ့အတိုင်း ဘုန်းကြီးပြောသလို
ရှင်မဟာကောဋ္ဌိက, ရှင်သာရိပုတ္တရာ အမေးအဖြေမှာလဲ
သေသေချာချာ လုံလုံလောက်လောက်.. နောက်
ပေဋကောပဒေသမှာ ရှင်အာနန္ဒာ ဟောထားတာကလဲ
ဘုရားက ထောက်ခံချက်ပေးလို့ သေသေချာချာ
လုံလောက်တဲ့အတွက် ကိုယ့်သံသယကိုဖျောက်ဖို့
ကုဣစ္စကို ဖျောက်ပြီးသကာလ ကြိုးစားမြဲ ကြိုးစားလို့ရှိရင်ဖြင့်
ဒကာဒကာမတို့ ရ ရမှာပဲ . .. . (မှန်ပါ့)
သဘောကျပလား . . .(ကျပါပြီ ဘုရား)။
ဒါဖြင့် မမှာသင့်ဘူးလား ကိုဝရေ (မှာသင့်ပါတယ်ဘုရား)။
မှာသင့်တယ်၊ ဒကာ ဒကာမတွေက ဘယ်လိုလာတက်သတုံးဆိုတော့
သြော်.. သားနဲ့, မယားနဲ့, ဆွေနဲ့, မျိုးနဲ့, အရောင်းနဲ့အဝယ်နဲ့
အခင်အမင်တွေကလဲ တန်းလန်း၊ မစွန့်နိုင်တာတွေကလဲ တပြုံကြီး၊
ဒီကြားထဲကနေပြီး သကာလ ဒီနှစ်ချက်နဲ့ညီအောင် လုပ်လို့ရှိရင်တော့
လုပ်တော့လုပ်ရမှာပဲ ဖြစ်ဖို့ရာ လွယ်မှလွယ်ပါ့မလားဆိုတဲ့
ဝိစိကိစ္ဆာ မလာစေနဲ့ . . . (မှန်ပါ့)
သဘောကျပလား . . . (ကျပါပြီ ဘုရား)။
ပြီးတော့ . . . တို့ကလဲ အကုသိုလ်တွေကလဲ များလိုက်တာ
နောက်က နေခဲ့ထိုင်ခဲ့တာ မသိမှုတွေက အုပ်ချုပ်ပြီးသကာလ
မသိအလုပ်တွေ ပုံနေခဲ့တယ်ဆိုပြီး အဲဒီကုဣစ္စလဲ မလာစေနဲ့ (မှန်ပါ့)။
လာလို့ရှိရင်ဖြင့် အဲဒီဝိစိကိစ္ဆာနဲ့ ကုက္ကုစ္စဆိုတာ
တစ်နေ့က ပြောခဲ့ပါတယ် ဒကာဒကာမတို့
နီဝရဏတရားပဲ (မှန်ပါ့ ဘုရား)။
သူတို့က လာတားတာလား ကိုယ်ကိုယ်တိုင်တွေးဆပြီး
ကိုယ့်ဟာကိုယ် တားယူတာလား.. (ကိုယ့်ဟာကိုယ် တားယူတာပါဘုရား)။
အဲ.. ကိုယ့်အတွေးအဆ ကိုယ်တားတော့ ဖြစ်လေသောကြောင့်
ဘုန်းကြီးတို့ ဒကာဒကာမတွေ ဒီအရူးဖြင့် မထ,ပါနဲ့ဆိုတာ
သတိပေးလိုက်ပါတယ်၊ ဒီအရူး ထ,ခြင်းသည်
ကိုယ်နစ်နာတဲ့ အရူးကိုးဗျ . . .(မှန်ပါ့)။
ဘာမှ သံသယမရှိပါနဲ့တဲ့၊ ဒကာဒကာမတို့
ဘယ်လောက်ပဲမူးလို့ ဘယ်လောက်ပဲရူးနေနေ
ပဉ္စာနန္တရိယကံမရှိ၊ နိယတမိစ္ဆာဒိဋ္ဌိရှိရင် ဒကာဒကာမတွေ
ရနိုင်တာပဲလို့ဆိုတာလဲ တစ်နေ့ကပဲ သေသေချာချာ ပြောခဲ့တယ် မဟုတ်လား။
အဲဒီတော့ တို့ဟာ.. ငယ်ငယ်တုန်းက မသိမလိမ္မာတုန်းက
မူးခဲ့ရူးခဲ့တယ်၊ ဒါတွေ အရေးမယူနဲ့၊ ဒါတွေ ဘာမှမဆိုင်ဘူး။
ဒါတွေ ဘာမှမဆိုင်ပါဘူး၊ ရှေးတုန်းက အချို့ ဘုရားရှေ့မှာ
ဒီအတိုင်းပဲ မူးနေကြတာပဲ၊ နော်ကအခုပြောတဲ့
နှလုံးသွင်းမှန်ပြီးသကာလ ကိုယ်နဲ့လျော်တဲ့တရား
နှလုံးသွင်းမှန်မှုနဲ့ ကြုံသွားတော့ကို ဒီအမူတွေ
အကုန်ပျောက်ပြီးသကာလ ဒါတွေကို မဂ်ဉာဏ်ဖိုလ်ဉာဏ်နဲ့
ဖြတ်ချလိုက်တာပါပဲဆိုတာ ဒကာဒကာမတွေ အထင်အရှားပဲ။
သန္တတိအမတ်ကြီးများ တစ်နေ့လုံးမူးနေတာ တစ်နေ့လုံးမူးပြီးနောက်မှ
သံဝေဂရပြီး ဘုရားက တရားဟောလိုက်တဲ့အခါကျတော့
အတိတ်လဲမတွေးပါနဲ့၊ အနာဂတ်လဲ မတွေးပါနဲ့၊
ပစ္စုပ္ပန်အရေးသာ နှလုံးသွင်းမှန်အောင်လုပ်လိုက်စမ်းပါဆိုတော့
တစ်ခါတည်း သောတပန်ကနေတက်ပြီးတော့ ရဟန္တာဖြစ်တာပါပဲ။
ကံကြီးမဟုတ်တာတွေကို ခင်ဗျားတို့က အလကားနေရင်း
အတွေးထုတ်ပြီး သကာလ ကုဣစ္စဖြစ်ခဲ့သော်
ကိုယ့်ကုဣစ္စက ကိုယ့်ကိုတားတယ် . . .(မှန်ပါ့)။
ကုက္ကုစ္စတရားကို တစ်နေ့က ဘုန်းကြီးက ဘယ်လိုဟောခဲ့သတုံး၊
မောင်နိုင်တို့ မှတ်မိပါလိမ့်မယ်၊ နီဝရဏတရား . . . တဲ့၊
မဟောခဲ့ဘူးလား . . .(ဟောခဲ့ပါတယ် ဘုရား)။
နီဝရဏတရား ဆိုတာက သူများလုပ်တဲ့ နီဝရဏတရားလားလို့
မေးတဲ့အခါ ကိုယ့်ဟာကိုယ် သတ်စေဆိုတဲ့ နီဝရဏ (မှန်ပါ့)။
မောင်နိုင် သူများလုပ်တာလား (မဟုတ်ပါဘုရား)
ကိုယ့်ဟာကိုယ် သတ်စေ (မှန်ပါ့)
ကိုယ့်တွေးလုံးက ကိုယ့်နှိပ်စက်တာ
သဘောကျပလား . . .(ကျပါပြီဘုရား)။
ဥပမာမယ် ဒကာဒကာမတွေပေါ့လေ.. သားက နေရာမကျ၊
သမီးကနေရာမကျလို့ အမေလုပ်တဲ့ပုဂ္ဂိုလ်, အဖေလုပ်တဲ့ပုဂ္ဂိုလ်က
အိပ်ရာထဲတွင် ဟိုက သားသမီးတွေကတော့ အိပ်နေကြတာပဲ။
ဒီနားမှာလဲ သားက အိပ်နေ-သမီးကလဲအိပ်နေ ကိုယ်ကတော့
တွေးလုံးထုတ်ပြီး မျက်ရည်ကျတာတော့.. မတတ်နိုင်ဘူး။
သူတို့က လုပ်တာလို့ ဆိုလို့ရရဲ့လား . . .(မရပါဘူးဘုရား)။
သူတို့နှစ်ယောက်က သားကလဲအိပ်နေ၊ သမီးကလဲ အိပ်နေတယ်။
ကိုယ့်ဟာကို အမေက တွေးလုံးထုတ်ပြီးသကာလ
သံသယ ကုဣစ္စဖြစ်နေတာတော့ ဒါဘယ်သူမှ မတက်နိုင်ဘူးနော်
သဘောကျပလား . . . (ကျပါပြီ ဘုရား)။
အဲဒီတော့ ဒကာဒကာမတွေ ယနေ့မှာတဲ့ဥစ္စာ လေးလေးနက်နက်
မှတ်ကြပါဆိုတာ နှစ်ချက်တည်း ပြောတဲ့အတွက်
မမှတ်စရာလဲ မရှိပါဘူးနော် . . . (မှန်ပါ့)။
၁- နံပါတ်က ဘာပါလိမ့် - (ကိုယ်နဲ့လျောက်ပတ်တဲ့တရား နာရပါမယ်)၊
၂-နံပါတ်က ဘာပါလိမ့် (နှလုံးသွင်းမှန်ဖို့ပါ ဘုရား)။
အဲ.. လျောက်ပတ်တဲ့တရားနာတာနဲ့ နာတဲ့တရားနဲ့
ကိုယ်ရှုလိုက်တဲ့အခါမှာ တစ်ထပ်တည်း ဖြစ်သွားလို့ရှိရင်
မောင်နိုင်ပြီးတာပဲ.. သဘောကျပလား။
အဲဒီတော့ ဘာပါရမီလိုသေးသလဲလို့ မေးဖို့လိုသေးသလား
(မလိုပါဘုရား) မလိုရင် ဒီနှစ်ချက် ပြည့်စုံရင် သမ္မာဒိဋ္ဌိဖြစ်တော့တာပဲဆိုတာ
ရှင်သာရိပုတ္တရာ က ဖြေတယ်၊ ဖြေတဲ့ ပုဂ္ဂိုလ်ကလဲ တရားနာမှုဆိုတာ
သူကိုယ်တိုင်နာခဲ့လို့ သောတာပန်တည်တာ(မှန်ပါ့)။
အဲဒီလိုနာလို့ ရှင်အဿဇိဟောတဲ့အတိုင်း ခန္ဓာထဲမှာ
နှလုံးသွင်းကလဲ ဖြစ်ပျက်နဲ့ မဂ်နဲ့ဟာ ကိုက်မသွားဘူးလား
(ကိုက်သွားပါတယ် ဘုရား)။
အဲဒီလိုတွေးသွားတော့ သူကိုယ်တိုင်လဲ ဒီတရားကို နာရတယ်၊
သူကိုယ်တိုင်လဲ နှလုံးသွင်းမှန်နဲ့ နှလုံးသွင်းလိုက်တယ်။
ဒါကြောင့် သူကိုယ်တိုင်ပဲ သောတာပန်တည်တယ်.. မှန်ပါ့
သဘောကျပလား (ကျပါပြီ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာဒကာမတို့ အင်မတန်မှလဲကျမ်းကြီ
ကျန်ဂန် ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောတာကိုလဲ ပြောပြန်၊
ရှင်သာရိပုတ္တရာ ကိုယ်တွေ့ကိုလဲ ပြောပြန်၊ ဘုရားသခင်
ကိုယ်တော်မြတ်ကြီးကလဲ သာရိပုတ္တရာ, မောဂ္ဂလာန်တို့တောင်မှကွာ..
ရှင်အဿဇိနဲ့မတွေ့၊ ဘုရားနဲ့ မတွေ့ခဲ့သည်ရှိသော် တစ်သင်္ချေနဲ့
ကမ္ဘာတစ်သိန်း ကာလပတ်လုံး လက်ဝဲရံ လက်ယာရံဖြစ်ဖို့
ဆုတောင်းပြီးသား လုပ်ခဲ့တဲ့အလုပ်တွေဟာ ကျွတ်တမ်းမဝင်သေးဘဲ
ဖြစ်နေဦးမှာ . . .တရားမနာရင် . . . (မှန်ပါ့)။
ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာဒကာမတွေ မှာ ဤနှစ်ချက်ကိုဖြင့်
မသေမချင်း မှတ်ဖို့ပါပဲ (မှန်ပါ့) မသေမချင်း မှတ်ပြီးသကာလ
သြော်.. သောတာပန်ဟာ ပြောသံကြားဖူးတာက
ဒါနအစ၊ သီလအလယ်၊ သမထ ဝိပဿနာအဆုံးလို့
ဒီလိုက ဆိုထားတယ်၊ ဒါတွေက ဆုကြီးပန်တွေဆိုပါတယ်။
အခု နိဗ္ဗာန်ရလို့ အခုယူမည့်ပုဂ္ဂိုလ် ကိုဝ, ကိုစံလှ မလိုပါဘူး . . .
သဘောကျပလား (ကျပါပြီ) ဘာမှ မလိုလှဘူး၊
ဒီနှစ်ခုပဲလိုတာကိုဖြင့် လေးလေးနက်နက် မှတ်ဖို့ပါပဲ။
ဟာ.. ဘုန်းကြီးကခိုင်လုံအောင်ပြောနေတာလို့ ဒီလိုအယူမရှိပါနဲ့။
သေသေချာချာ ရှင်သာရိပုတ္တရာနဲ့ ရှင်ကောဋ္ဌိက အမေးအဖြေကိုလဲ
ထောက်ပြသဖြင့်၎င်း၊ သာရိပုတ္တရာ မောဂ္ဂလာန်တို့တောင်
တရားမနာလို့ရှိရင် တစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ပြီးသားပင်
ကျွတ်တမ်း မဝင်နိုင်သေးဘူး၊ ကိုယ်နဲ့လျောက်ပတ်တဲ့တရား
နှလုံးသွင်းမှန်မှု ရှိလို့ရှိရင် ရပါတယ်ဆိုတဲ့ အကြောင်းကို
ပေဋကောပဒေသပါဠိတော်မှာ ဟောထားတဲ့အတွက်
သံသယရှိစရာ လိုသေးသလား။
ဒါဖြင့် ဒကာဒကာမတို့ ခုနင်က ဘုန်းကြီးပြောတဲ့
အချက်ကလေးဟာ ဒကာ ဒကာတို့အပေါ်၌
အရေးအကြီးဘူးလား (ကြီးပါတယ် ဘုရား)။
ငါတို့က နေခဲ့ထိုင်ခဲ့တာ နေရာမကျဘူး၊ ဒီလိုမလာနဲ့
ဘာမှကိစ္စမရှိဘူး၊ သဘောကျပလား (ကျပါပြီ)
ငါတို့က စာမတက်ဘူး၊ ဒီလိုလဲ မလာစေနဲ့ (မှန်ပါ့)။
ဘုန်းကြီးပြောတဲ့ ဝေဒနာကို နားလည်ရင်၊
စိတ်ကိုနားလည်ရင်၊ ရုပ်ကို နားလည်ရင်၊
သစ္စာကို နားလည်ရင် ဒါ . . . စာတွေပါပဲ (မှန်ပ့ါ)
နားလည်ထားတာက စာတက်နေတာပဲ . . . (မှန်ပါ့)
သဘောကျပလား . . .(ကျပါပြီ ဘုရား)။
နားလည်တာက ဘာပါလိမ့် . . . (စာတက်နေတာပါ ဘုရား)။
အဲဒီတော့ ငါတို့က စာမတက်ဘူးလို့ ခင်ဗျားတို့ ပြောနေတာက
ကိုယ်စာတက်ထားကာမှ စာတက်တယ်လို့
မသိတဲ့အဓိပ္ပာယ်ကော မရောက်ဘူးလား။
ခင်ဗျားတို့ သင်္ဂြိုလ်စာအုပ်ကြီး ပြာချပြီးမျိုမှ
စာတက်တယ်လို့ ထင်နေရင်တော့ ခက်တယ် . . .(မှန်ပါ့)
ဒီလို မဟုတ်ပါဘူး ဒကာဒကာမတို့ . . .
သေသေချာချာ ခန္ဓာထဲမှာ တရားနာကတည်းက
တရားနာတယ်ဆိုတာ အဲဒါ စာတက်သွားတာပဲ (မှန်ပါ့)။
တရားနာရလို့ရှိရင်ဖြင့် သြော် . . .
ဒါဝေဒနာပဲ၊ ဒါ ဖြစ်ပျက်ပဲ၊ ဒါစိတ်ပဲ၊
စိတ်ဟာလဲ ခယ ဝယဆိုတဲ့ ဖြစ်ပျက်မှာ လမ်းဆုံးတာပဲ။
ဒုက္ခသစ္စာဆိုတာလဲ ခဏခဏ ဖောက်ပြန်ပျက်စီးတာပဲ။
ရုပ်ဆိုတာလဲ ပျက်စီးတာ ရုပ်ခေါ်တာပဲ ဆိုတော့
ဒါတွေဟ ခင်ဗျားတို့ စာတက်နေတာတွေပေါ့ဗျာ (မှန်ပါ့ဘုရား)။
တရားနာတာဟာလဲ စာသင်ပြီးသကာလနေတာ၊
စာတက်ပြီးသကာလဆိုတာလဲ ကိုယ့်ဟာကိုယ်
မသိရဘူးလား . . . (သိရပါတယ်ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ကို ဟို.. နမောတဿကစ၍
မင်းတို့ ဘုရားရှိခိုး စ,စမ်းပါဆိုတော့ သြကာသမပါတာနဲ့
ခင်ဗျားတို့က ဘုရားရှိခိုး မဟုတ်ဘူးထင်နေရင်လဲ
ခက်ကြလိမ့်မယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
သြကာသမပါဘဲနဲ့ ဘုရားရှိခိုးကို ကျုပ်ဖြင့် မခိုးရသေးဘူးလို့ ထင်နေတာ
သြကာသဆိုတာ ဘုရားရှိခိုးပါရစေ အခွင့်တောင်းတာ၊
ခိုးသေးတာမဟုတ်ဘဲ (မှန်ပါ့) ခိုးလာတဲ့အခါတော့
ဣတိပိသောကျမှ ခိုးတဲ့ဥစ္စာပဲ၊ သြကာသမပါလို့
ဘုရားရှိခိုးမဖြစ်ဘူးဆိုလို့တော့ မဖြစ်ဘူး . . .
ရိပ်မိပလား . . .(ရိပ်မိပါပြီ ဘုရား)။
ဒါ . . . ခင်ဗျားတို့ ချွတ်ယွင်းချက်တွေ ပြောသံကြား လူကြီးမိဘ
တစ်ဆင့်ကြားတွေနဲ့ လမ်းဆုံးနေမှာစိုးလို့ အမြစ်အရင်းဖော်ပြီး
ပြောပါတယ်ဆိုတာကိုလဲ သေသေချာချာမှတ်ပါ။ ပြောသံကြားနဲ့
လမ်းဆုံးမှာ သိပ်ကြောက်စရာ ကောင်းလွန်းလို့ပါ။
ကိုင်း . . .ဒါဖြင့် ဒကာ ဒကာမတို့ သောတာပန်တည်ချင်လို့
ဂုဏ်ထူးဆောင် နိဗ္ဗာန်မဝင်ချင်ခဲ့သော် အပါယ်လေးပါး တံခါးပိတ်ပြီး
ခန္ဓာဇာတ်သိမ်းငြိမ်းတဲ့၊ ဒုက္ခသိမ်းငြိမ်းတဲ့ နိဗ္ဗာန်ကိုသာလိုချင်ရင်
ဘယ်နှစ်ချက်ပါလိမ့် (နှစ်ချက်ပါဘုရား) ဘာပါလိမ့်
(ကိုယ်နဲ့လျောက်ပတ်တဲ့ တရားကို နာရမယ်၊
နှလုံးသွင်းမှန်ရပါမယ် ဘုရား)။
ဒီနှစ်ခုရှိရင် ဒကာဒကာမတို့ သမ္မာဒိဋ္ဌိ ဖြစ်တာပဲ။
သမ္မာဒိဋ္ဌိမဂ္ဂင် ဖြစ်ပြီဆိုတော့ သမ္မာဒိဋ္ဌိ ပုဗ္ဗမင်္ဂလာလို့
မဟာစတ္တာလီသကသုတ်မှာ သမ္မာဒိဋ္ဌိက ရှေ့ပြေးပါကွာ - တဲ့
ကျန်တာတွေက သူ့နောက်လိုက်သာ မှတ်လိုက်ပါတဲ့ ဆိုတာ
ဟောတဲ့ နေရာမှာလဲ ရှိနေလို့ သမ္မာဒိဋ္ဌိတစ်လုံး ကိုင်လိုက်သဖြင့်
မဂ္ဂင်ရှစ်ပါး ၏ ခေါင်းဆောင်လို့မှတ်လိုက်ကြပါ။
မောင်နိုင်.. ကြိုးစားဖို့အရေး တို့အရေးပါကွာ (မှန်ပါ့)
ဒီ နှစ်ချက်ညီဖို့ အရေးသည် တစ်ချက်ဟာ ဒကာဒကာမတို့
ဘုန်းကြီးက ကူညီထားတယ်၊ နောက်တစ်ချက် နှလုံးသွင်းမှန်မှုကလေးကို
ခင်ဗျားတို့ ခန္ဓာကိုယ်ဉာဏ်နဲ့သာ တည့်အောင် တည့်ပေးလိုက်ပါ။
တည့်ပေးလိုက်တဲ့ အခါကျလို့ရှိရင် အပျက်နဲ့ မဂ်နဲ့သာ ကိုက်သွားရင်
ကိုဝ ဘာလိုသေးသတုံး (မလိုပါဘုရား)
မလိုတော့ဘူးဆိုတာ သေချာပလား . . .(သေချာပါပြီ)။
အဲဒါကြောင့် ပါရမီတွေ ဘာတွေဆိုတဲ့ဥစ္စာ ပါရမီဆိုတာ
တစ်စတစ်စ ဖြည့်ရတယ်ကွ၊ ဟုတ်တယ်တဲ့ ဂုဏ်ထူးဆောင်အဖြစ်နဲ့
နိဗ္ဗာန်ဝင်ချင်ရင် ဘာလုပ်ရမလဲ (ပါရမီဖြည့်ရမယ်ဘုရား)
နိဗ္ဗာန်ရရင်ပြီးတာပဲ၊ နိဗ္ဗာန်ဟာ တစ်မျိုးတည်း ရှိတာပဲ။
ရတဲ့နည်းနဲ့ယူမယ် ဆိုလို့ရှိရင်ဖြင့် သိပ်မလိုလှပါဘူး
(မှန်ပ့ါ) လိုသေးသလား (မလိုပါဘုရား)။
တို့က စာမတက်၊ ပေမတက်နဲ့ လို့ကော ဆိုချင်သေးသလား..
တရားနာတာဟာ ဘာဖြစ်နေတာတုံး (စာတက်နေတာပါ)။
ခန္ဓာပေါ်မှာ မှတ်တာဟာ စာတက်အစစ်ပါ . . . (မှန်ပါ့)
သဘောကျပလား . . . (ကျပါပြီ)။
စာအုပ်ထဲတက်နေတာကလိုရင်းမဟုတ်ပါဘူး (မှန်ပါ့ဘုရား)။
ပေါဋ္ဌိလမထေရ်ကြီးဟာ ပိဋကတ်သုံးပုံဆောင်ပြီး
စာအုပ်ထဲတက်တဲ့ အတက်မျိုးလောက်ဖြစ်နေလို့
ဘုရားဆီလာတိုင်း တုစ္ဆပေါဋ္ဌိလ၊ မောဃပေါဋ္ဌိလလို့
အခေါ်ခံရပါတယ်။ မဟုတ်ဘူးလား (မှန်ပါ့ဘုရား)။
အဲဒီတော့ သူဟောတဲ့ နေရာမှာ အားမထုတ်လို့ရှိရင်
ဘယ်နည်းနဲ့မှ မင်း မဂ်ပညာမရဘူး၊
ခန္ဓာကိုယ် ကြည့်ပြီးအားထုတ်မှရမယ်။
အားမထုတ်လို့ရှိရင် မဂ်ပညာ ဘယ်နည်းနဲ့မှ မရဘူးလို့
သူ့ကိုပဲ ဟောတာပဲ (မှန်ပါ့ ဘုရား)။
ပိဋကတ်သုံးပုံဆောင်ကြီးကို ဟောတာပဲ . . .
ပိဋကတ်သုံးပုံဆောင်ချည်း ဘဝများစွာဖြစ်ခဲ့တယ် သူဟာ . .
ဒါကြောင့် ခန္ဓာကိုယ်ထဲ ယောနိသောမနသိကာရ နဲ့
နှလုံးမသွင်းလို့ရှိရင် မင်းရထားတာတွေ အကုန်ဟာ
အမှတ်သညာသာ ဖြစ်တယ်၊ ပညာမဖြစ်ဘူးလို့
သေသေချာချာ ဟောတာပဲ (မှန်ပါ့)
သဘောကျပလား . . . (ကျပါပြီ ဘုရား)။
ဒါဖြင့် ဒကာဒကာမတို့ တို့အတွက်မှာဖြင့် သံသယကိုလဲ ရှင်းပေးတာ
ဒီဆရာပဲဆိုတာ ကိုဝ ကျေနပ်ပလား (ကျေနပ်ပါပြီ)
သူပြော လူပြောစကားတွေ နားမယောင်ပါနဲ့။
ဖျက်ပစ်ပါဆိုတာကော ဒီဆရာက သေသေချာချာ ပြောနေတာပဲ။
ပြီးတော့ ရှင်မဟာကောဋ္ဌိကနဲ့ ရှင်သာရိပုတ္တရာတို့ ကိုယ်တိုင်
တရားနာပြီး ကိုယ်တိုင် နှလုံးသွင်းခြင်းကြောင့် သူတို့
ကိုယ်တိုင်ရပြီး သူတို့ဖြစ်စဉ် အမှန်ပြောတာကိုလဲ
ခင်ဗျားတို့ကို ဆရာဘုန်းကြီးက မူလပဏ္ဏာသပါဠိတော်
ထုတ်ပြောပြီ (မှန်ပါ့ဘုရား)။
‘ပေဋကောပဒေသ’ ပါဠိတော် လာတာကိုလဲ ထုတ်ပြောတဲ့အတွက်
ခင်ဗျားတို့က ဘာမှ မသိတဲ့လူက သူများပြောသံကြားနဲ့ဆင်ခြေလဲပြီး
ကိုယ့်သံသယနဲ့ကိုယ် ကုက္ကုစ္စ ကိုယ့်ကိုမနှိပ်စက်ပါစေနဲ့ဆိုတာ
လေးလေးနက်နက် တားတယ် . . . (မှန်ပါ့)
မတားထိုက်ဘူးလား (တားထိုက်ပါတယ်)
သဘောပါပြီနော် . . .( ပါ,ပါပြီ ဘုရား)။
ကိုင်း . . . ဒါဖြင့် ဒကာ ဒကာမတို့ .. ဟောကြပါစို့တဲ့၊
ခင်ဗျားတို့ကိုယ်နဲ့ လျောက်ပတ်တဲ့ တရားကဖြင့် ပါရတော့မှာပဲ (မှန်ပါ့)
တရားဆိုတာလဲ နောက်ဆုံးပိတ်မှာ ဒကာ ဒကာမတို့ မှတ်လိုက်
ပိဋကတ်သုံးပုံကို ကိုဝ အကျဉ်းချုံးလိုက်ရင် ဖြင့်
ဖြစ်ပျက်ပဲရှိတယ်(မှန်ပါ့)
သဘောကျပလား . . . (ကျပါ ပြီ ဘုရား)။
ပိဋကတ်သုံးပုံကို အကျဉ်းချုံးလိုက်ရင် (ဖြစ်ပျက်ရှိပါတယ်)
အဲ . . . အနိစ္စပဲရှိတယ်၊ ဒုက္ခပဲရှိတယ်၊ အနတ္တပဲရှိတယ်။
အနိစ္စလဲ ဖြစ်ပျက်ပဲ၊ ဒုက္ခလဲ ဖြစ်ပျက်ပဲ၊ အနတ္တလဲ ဖြစ်ပျက်ပဲ။
အဲဒီတော့ ပိဋကတ်သုံးပုံကို အကျဉ်းချုံးပြီး သကာလ
စာတွေ့သင်တာ ဘယ်ကမ်း ဘယ်သောင် ဘယ်ဆိပ်ကမ်း
ဆိုက်ချင်လို့လဲ မေးရင် အနိစ္စ, ဒုက္ခ, အနတ္တ ဆိုက်ချင်လို့
သင်ကြတာ (မှန်ပါ့) သဘောကျပလား (ကျပါပြီဘုရား)။
ဒါကြောင့် ပိဋကတ်သုံးပုံချုံးလိုက်တော့ ဘယ်မှာ လမ်းဆုံးသွားပါလိမ့်?
(ဖြစ်ပျက်မှာ လမ်းဆုံးပါတယ်) ဖြစ်ပျက်ဆိုတဲ့ အနိစ္စ, ဒုက္ခ, အနတ္တမှာ
လမ်းမဆုံးဘူးလား (ဆုံးပါတယ်) သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီဖြစ်ပျက်ဟာလဲတဲ့ ဘယ်မှာ လမ်းဆုံးသလဲ ဆိုတော့
မပျက်တဲ့ဆီမှာ လမ်းဆုံးတယ်။ ဖြစ်ပျက်ဟာ ပိဋကတ်သုံးပုံ၏
အဆုံးက ဖြစ်ပျက်၊ ဖြစ်ပျက်၏ အဆုံး နိဗ္ဗာန်ဆိုတဲ့ ဘယ်သူလုပ်လို့မှ မဖြစ်။
ဘယ်သူဖျက်လို့မှ မပျက်တဲ့ နိဗ္ဗာန်မှာ သွားပြီး လမ်းဆုံးတယ်။
ဒါလဲ အခုပြောတဲ့စကားနှစ်ခွန်းပဲ ရှိပါသေးတယ်။
ဒကာ ဒကာမတွေ အရေးမကြီးတာကို ကိုဝ တစ်ချက်မှ မပါဘူး။
ပိဋကတ်သုံးပုံကို အကျဉ်းချုံးလိုက်ရင် ဘာတွေ့သလဲ (ဖြစ်ပျက်ပါဘုရား)။
ပိဋကတ်သုံးပုံ၏ အဆီအနှစ် ထုတ်လိုက်တော့ ဖြစ်ပျက်ပဲ တွေ့ရတယ်။
အဲဒီ ဖြစ်ပျက်ကို တစ်ခါ ဖြစ်ပျက်သည်ကား ဆိုလို့ရှိရင်
ဘယ်မှာ စခန်းသတ်မှာတုံးလို့ မေးလို့ရှိရင်
မဖြစ်မပျက်တဲ့ဆီမှာ ဘာတုံး . . .(စခန်းသတ်ပါမယ်)
မဖြစ် မပျက်တဲ့ဆီဆိုတာ ဘယ်သူလုပ်လို့မှ
မဖြစ်တာက နိဗ္ဗာန်ပဲ (မှန်ပါ့)
ဘယ်သူဖျက်လို့မှ မပျက်တာ (နိဗ္ဗာန်ပါဘုရား)။
အဲ.. မဖြစ်မပျက်တဲ့ နိဗ္ဗာန်မှာ လမ်းဆုံးတယ်ဆိုသဖြင့်
သြော်.. တို့သည် ဖြစ်ပျက်မြင်ကတည်းက
ပိဋကတ်သုံးပုံ တို့အထဲရောက်ပြီဟ (မှန်ပါ့)
ဆိုနိုင်ကြပလား (ဆိုနိုင်ပါတယ် ဘုရား)။
ဖြစ်ပျက်မြင်တကည်းက.. (ပိဋတ်သုံးပုံတို့ အထဲရောက်ပါပြီ ဘုရား)။
ဒါဖြင့် ပိဋကတ်သုံးပုံ ရောက်လာလို့ရှိရင် အဲဒီ ပိဋကတ်သုံးပုံကို
ဒကာဒကာမတွေက အဆုံးလိုက်, လိုက်၊ ဖြစ်ပျက်အဆုံးလိုက် - လိုက်
အဆုံးလိုက်တဲ့ အခါကျတော့ အခု ဖြစ်ပျက်ကတော့
အကြောင်းဖြစ်လို့ အကျိုးဖြစ်ရရှာတယ်၊
အကြောင်းပျက်လို့.. (အကျိုးပျက်ရပါတယ် ဘုရား)။
★(အထက်ပါမှ ဤအထိ စာရိုက်ရေးသားလှူဒါန်းသူသည် - #ကိုရဲဝင်း ဖြစ်ပါသည်။ )★
သြော်.. အခုဟာကတော့ဖြင့် အကြောင်းအကျိုးဆက်ပြီးသကာလ
ဖြစ်ရ ပျက်ရတာ။ နိဗ္ဗာန်ဆိုတဲ့တရားက ဘယ်အကြောင်းကမှ
တည်ထောင်တာ မဟုတ်တဲ့အတွက်ကြောင့် ဘယ်သူကြောင့်မှ
မဖြစ်တဲ့တရားဟာ ဘယ်သူကမှ သွားဖျက်လို့ကော (မရပါဘုရား)။
အဲ့ဒါကြောင့် ဖြစ်ပျက်က မဖြစ်မပျက်တဲ့ဆီရောက်အောင်
ကြိုးစားပါဆိုတဲ့ဥစ္စာကို ပိဋကတ်သုံးပုံ တတ်ပြီးသားပုဂ္ဂိုလ်တွေ
ကိုလည်း အဲ့ဒီကို အရောက်သွားပါဆိုတာကိုလည်း တိုက်တွန်းရတယ်။
အင်မတန် အရေးကြီးတဲ့အချက်ဆိုတာ ပေါ်ပါလား.. (ပေါ်ပါပြီဘုရား)။
ဒါဖြင့် မူလတရားကိုပြန်ပြီး ကျုပ်တို့ အလုပ်ခွင်ထဲ သွားကြပါတော့ဆိုတော့
သိကြားမင်းနဲ့ မြတ်စွာဘုရား မေးကြဖြေကြတာတွေဟာ
ဒကာ ဒကာမတွေနဲ့ ပြောနေတဲ့ လိုရင်း မပါသေးဘူးဗျာ။
သိကြားမင်းက ‘ကိတ္တဝသာနုခေါ ဘန္တေ ဘိက္ခူ သင်္ခယ
ဝိမုတ္တော ဟောတိ’ စသည်ဖြင့် ပါဋ္ဌိကလေးနဲ့ မေးလိုက်တယ်။
“နိဗ္ဗာန်ကို အမြန်ဆုံးရောက်နိုင်တဲ့ တဏှာကုန်ကြောင်းကို ဟောပါဘုရား” တဲ့၊
နိဗ္ဗာန်ဟာ တဏှာကုန်မှ ရောက်ကြမှာကိုး။ စင်စစ် အဲ့ဒီ
တဏှာချုပ်တဲ့နေရာ ‘ခယဝယ’ ကို လွန်ပါပြီတဲ့။
အဲ.. တဏှာချုပ်တဲ့နေရာမှာ ခယဝယဆိုတဲ့ သဘောမရှိဘူး။
ခယဝယကတော့ ကျုပ်တို့ သင်္ခါရနယ်မှာပဲ ရှိတယ် (မှန်ပါ့ဘုရား)။
သင်္ခတကျတော့ ခယဝယ ရှိသေးရဲ့လား (မရှိပါဘုရား)
မရှိတော့ပါဘူး.. ဒကာ ဒကာမတို့၊ နိစ္စဓုဝသာ ရှိပါတော့တယ်၊
ခယဝယ မရှိဘူးနော် (မှန်ပါ့ဘုရား)။
စင်စစ် မြတ်သောအကျင့်သာ မြဲတာ၊ မြတ်သောအကျင့်
မြဲတယ်ဆိုတာ မဂ္ဂင်ရှစ်ပါး ခန္ဓာထဲရောက်မှ။
ကျုပ်တို့မှာ တရားဟာ မြဲတယ်နော်.. (မှန်ပါ့ဘုရား)
နို့မဟုတ်ရင် မဂ္ဂင်ရှစ်ပါး မရောက်သေးလို့ရှိရင်
ဥပမာ- ဒီဘဝမယ် ၁၅ နှစ် ၁၆နှစ် ဗုဒ္ဓဘာသာနော်၊
အနှစ်နှစ်ဆယ်လောက်မှာ ဘာသာခြားဖြစ်သွားနိုင်တယ်။
မဂ္ဂင်ရှစ်ပါး ကိုယ့်ဝမ်းထဲ မရောက်သေးလို့ရှိရင်… (မှန်ပါ့ဘုရား)
ဒါကြောင့် “အစ္စန္တဗြဟ္မစာရီ” - စင်စစ် ဒီခန္ဓာကိုယ်ထဲမှာ
တရားမြဲတာကိုသာ သူလိုချင်ပါတယ်တဲ့။
သေဋ္ဌေဒေဝ မနုဿနံ - လူ နတ် တို့ထက် သာလွန်မြင့်မြတ်တာ
နိဗ္ဗာန်ပါလို့ ဒကာဒကာမတို့ မှတ်ထားလိုက်ပါကွယ့်.. (မှန်ပါ့ဘုရား)။
သူမေးတာက နတ်တို့ထက် အဆများစွာသာလွန်တဲ့ မြတ်နိဗ္ဗာန်ကို
သူလိုချင်ပါတယ်တဲ့.. တဏှာကုန်လွန်ပြီး သကာလတဲ..့ ။
ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ‘သဗ္ဗေ ဓမ္မာ နာလံ
အဘိနိဝေသာယ’ လို့ဟောလိုက်တယ်။ အလုံးစုံခန္ဓာ
အဃာတန ဓါတ်တို့ရှိကြပါတယ်။ အဲ့ဒါတွေကို တဏှာ ဒိဋ္ဌိ မာန
မစွဲလမ်းလို့ရှိရင် ရပါတယ်တဲ့။ ခန္ဓာ အဃတနဓါတ်တွေကို
တစ်ခုခု ကိုယ်က ရှု့ထားကြပေါ့လေနော်။
တဏှာ မာန ဒိဋ္ဌိ နောက်ကမလိုက်ရင် ရပါတယ်။
အဲ့ဒီရတာတွေဟာ အများသဘော ဟောတာတဲ့။
သေသေချာချာပြောရမယ်ဆိုရင် ဝေဒနာသုံးပါးသာ လှည့်ရှု့ပါ။
ဒီမှာ နိဂုံးချုပ်တာပါပဲ.. (မှန်ပါ့ဘုရား)။ ဒကာ ဒကာမတွေ..
ဘုရားရှင်က သိကြားမင်းကို ဘယ်ဟာအရှု့ခိုင်းပါလိ့မ်..
ဝေဒနာသုံးပါး အရှု့ခိုင်းတယ်နော်။
“ယံ ကိဥ္စိ ဝေဒနာနံ ဝေဒဟတိ၊
သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခ မသုခံ ဝါ။
သောတာသု အနိစ္စနုပဿီ ဝိဟရတိ၊
ဝိရာဂါ နုပဿီ၊ နိယောဓါ နုပဿီ ဝိဟရတိ၊
ပဋိနိဿဂ္ဂါ နုပဿတီ ဝိဟရတိ။”
ဒီဝေဒနာသုံးမျိုးကိုသာ လှည့်ရှု့ပြီးနေလို့ရှိရင်
တောင့်တတဲ့တဏှာ သေသွားပါတယ်။
တောင့်တတဲ့တဏှာ သေသွားလို့ရှိရင်
‘န စ ကိဥ္စိ လောကေ ဥပါဒိယတိ
- တဏှာသေရင် ဥပါဒါန် မလာဘူးကွတဲ့..’။
န စ ကိဥ္စိ လောကေ ဥပါဒိယတိ
- တစ်စုံတစ်ခုသောတရားကိုမှ စွဲလန်းခြင်းမရှိပါဘူး။
ကိုင်း.. ဒါဖြင့် အလွယ်လေးပါပဲ။ ဝေဒနာသုံးပါး လှည့်ရှု့ပါ။
ပထမဦးစွာ ဝေဒနာသုံးပါးကို ညတပရိညာနဲ့ သိအောင် အရင်လုပ်ပါ။
နောက် တိရဏပရိညာနဲ့ ပွားပါ။ နောက် ပဟာန ပရိညာနဲ့
မင်္ဂပေါ်အောင် လုပ်ပါ။ ဒါ သိကြားမင်းကို မြတ်စွာဘုရား
ဟောတဲ့ဥစ္စာ၊ သဘောကျပလား။ ဝေဒနာသုံးပါးကို သိမှုအရင်လုပ်ပါ၊
နောက်ကျတော့ ပွားမှုလုပ်ပါ။ နောက်ကျတော့ကို ပယ်မှု။
ဝေဒနာနဲ့ ပတ်သတ်တဲ့တဏှာကို အမြစ်နဲ့တကွ ပယ်မှုလုပ်ပါတဲ့။
အဲ့ဒီသုံးလက် လုပ်မယ်ဆိုလို့ရှိရင် ရှေးဦးစွာ ပရိဇာနာတိနဲ့ အရင်လုပ်ပါတဲ့။
ရှေးဦးစွာ ပိုင်းခြားပြီးသကာလ သိဖို့အရင် လုပ်စမ်းပါတဲ့။
ဝေဒနာသုံးပါးကို ခွဲခြားပြီးသိဖို့ အရင်လုပ်ပါတဲ့နော်။
ပွားများတဲ့အလုပ်ကို ဒုတိယလုပ်စမ်းပါတဲ့နော်။
ပွားများတဲ့အလုပ် လုပ်ရင်း မတ္တ တဲ့၊ နောက်…
ပယ်မှုဟာ ဖြစ်လာမှာပါတဲ့။ ဒါဖြင့်
သိမှု၊ ပွားမှု၊ ပယ်မှု ပေါ့လေ..။
သဘောကျပလား.. (မှန်ပါ့ဘုရား)
နံပါတ် ၁ က စပြောမယ်၊ ဒကာ ဒကာမတွေ သိမှုဟာ သိမှုပဲ၊
သိမှုလို့ပဲမှတ်ကြပါ။ သိမှုနဲ့ ပွားမှု မရောစေနဲ့။
သိမှုဆိုတာကို သေသေချာချာမှတ် ကိုစံလှ ကိုဝ ( တင့်ပါဘုရား)၊
ချမ်းသာတယ်လို့ ပေါ်လာရင် ဒါသုခဝေဒနာကိုးးးလို့ သိရင်တော်ပြီ (မှန်ပါ့ဘုရား)၊
ဆင်းရဲတာလေးတစ်ခု ပေါ်လာရင် ဒုက္ခဝေဒနာလို့ သိမှု၊
ဆင်းရဲချမ်းသာကင်းတာလေးတစ်ခု ပေါ်လာရင်
ဥပေက္ခာ ဝေဒနာလို့ သိရင် သိမှုပါ။ အေး.. ကိုယ့်သန္တာန်မှာ
တစ်ခါတစ်လေ ဆင်းရဲတာလေးလည်း လာမယ်၊
ချမ်းသာတာလေးလည်း လာမယ်၊ တစ်ခါတစ်လေ ဆင်းရဲချမ်းသာကင်းပြီး
ကိုယ့်သဘောကလေးနဲ့ လာတဲ့အခါမှာကော.. (လာမှာပါဘုရား)။
အဲ့ဒီတော့.. ဒီလာတဲ့ဥစ္စာကို ချမ်းသာတာလာရင်
သြော်.. ဒါဟာ သုခဝေဒနာပဲလို့ သိထားရမယ်။
ဆင်းရဲပေါ်လာရင် ဒုက္ခဝေဒနာပဲလို့ သိရမယ်။
ချမ်းသာဆင်းရဲကင်းတာလာရင် ဥပေက္ခာဝေဒနာလေးပဲလို့
သိရမယ်နော်။ အဲံ့ဒါ ငါဘုရားခင် ကိုယ်တော်မြတ်ကြီးက
ဝေဒနာသိမှုကို ဟောတာပါတဲ့။ ဒကာဒကာမတွေ
သုခဝေဒနာဆိုရင် ကိုယ်ပေါ်မှာလည်း သုခချမ်းသာကလေး၊
ဝမ်းထဲမှာလည်း ဝမ်းမြောက်တဲ့ သုခချမ်းသာကလေး (ပေါ်ပါတယ်ဘုရား) ။
သြော်.. သုခက နှစ်နေရာပေါ်တယ်ဆိုတော့
ပေါ်တဲ့နေရာတိုင်း နေရာတိုင်း သိပေးပါ။
သြော်.. ဒါတော့ ဝမ်းထဲမှာပေါ်တဲ့ သုခ၊
ဒါကတော့ ကိုယ်ပေါ်မှာပေါ်တဲ့ သုခ။
ဒီလိုတော့ သိသိပေးပါ။
ဒါက ကျင့်တာ မဟုတ်သေးဘူးတဲ့၊
ညတ - သိမှုပဲ ရှိပါသေးတယ်တဲ့။
ကောင်းပြီ.. ဒုက္ခကလေးပေါ်လာတော့လည်း
ကိုယ်ပေါ်မှာ နာတယ်၊ ကိုက်တယ်၊ ခဲတယ်၊ ကျဉ်တယ်ဆိုတဲ့
ဆင်းရဲလုံးကလေး ပေါ်မလားဘူးလား။
ဒါပေါ်လာရင် ဒုက္ခဝေဒနာလို့ သိပေး။
ဝမ်းထဲလည်း မခံချင်တဲ့စိတ်ကလေး ပေါ်မလာဘူးလား၊
မခံချင်တော့ ဝမ်းထဲလည်း ဒုက္ခပေါ်တယ်လို့ မှတ်လိုက်ပေါ့။
ဒါဖြင့် ဒုက္ခကလည်း နှစ်နေရာ၊ သုခကလည်း နှစ်နေရာ။ (မှန်ပါ့ဘုရား)
ဥပေက္ခာကျတော့ ဒကာ ဒကာမတွေ သိထားတော့…
မျက်လုံးက မြင်ကာမျှမတ္တ ဥပေက္ခာ၊
နားကကြားကာမျှမတ္တ ဥပေက္ခာ၊
ကြားကာမျှမတ္တ စိတ်ကလေးတွေ
ဝေဒနာကလေးတွေပေါ့လေ။
စိတ်နဲ့ဝေဒနာနဲ့ တွဲလျက်ကြီးနော်။
နှာခေါင်းထဲမှာ နံကာမျှမတ္တလေး (ဥပေက္ခာဝေဒနာပါဘုရား)၊
လျှာပေါ်မှာ စားကာမျှမတ္တလေး (ဥပေက္ခာဝေဒနာပါဘုရား)၊
ဝမ်းထဲမှာလည်း ဥပေက္ခာဆိုတာ ဘယ်လိုများ
ပေါ်ပါလိမ့်မတုန်းဆိုလိုရှိရင်ဖြင့် ဒကာ ဒကာမတွေ စဉ်းစားကြည့်လေ။
အားလုံးသော ပုဂ္ဂိုလ်တွေကို ဘယ်သူရှိသေးသလား
ဘယ်ဝါရှိသေးသလားလို့ စဉ်းစားတဲ့အခါ ရှိသေးတယ်။
မရှိတော့ သူမသိပေဘူးလား။ ရှိ မရှိ ကို သူသိချင်တာနဲ့
သူ့အတွက်ကို.. ခင်ဗျားတို့က သူ့အတွက်ကြောင့် စိတ်ဆင်းရဲတာတော့
မဟုတ်ဘူး၊ သူ့အတွက်ကြောင့် ဝမ်းမြောက်တာကော မဟုတ်ဘူး။
သို့ပေသည့် ရှိမှ ရှိသေးလားလို့ တွေးလိုက်တဲ့အခါ
အော်.. ရှိနေပေသေးတာပဲ။ အဲ့ဒီ ရှိသေးတာပဲ ဆိုတဲ့ဥစ္စာ
အဲ့ဒါ ဥပေက္ခပဲ.. မှတ် (မှန်ပါ့ဘုရား)
ဝမ်းနည်းဝမ်းသာ ပါသေးလား (မပါပါဘုရား)
ရှိ မရှိ တွေးတာကိုး (မှန်ပါ့ဘုရား)။
အိမ်မှာရှိတဲ့ပစ္စည်းတွေကိုလည်း ရှိမရှိ တွေးကြည့်..
ဒါဘာပါလိမ့် (ဥပေက္ခာဝေဒနာပါဘုရား)
ရှိမရှိ တွေးတောသည်ကားလို့ဆိုရင်ဖြင့်
လိုချင်လို့ တွေးတောသည်လည်း မဟုတ်ဘူး။
ကြောင့်ကြလို့ တွေးတောသည်လည်း မဟုတ်ဘူး။
ဒီဥစ္စာ ရှိသေး မရှိသေးဆိုတာ သိချင်တာ တစ်ခုရှိတာပဲ၊
အဲ့ဒါကျတော့ ဘယ်နှယ့်ဆိုပါလိမ့် (ဥပေက္ခာဝေဒနာပါဘုရား)။
အဲ့ဒီတွေးလုံးတွေကို ဥပေက္ခာဝေဒနာလို့ မှတ်လိုက်တော့
ဝမ်းထဲလည်း ဥပေက္ခာဝေဒနာ ပေါ်တယ်ဆိုတာ မသေချာပေဘူးလား။
အဲ.. လမ်းများသွားလို့ကတော့ သာပြီးထင်ရှားတယ် ဒကာ ဒကာမတို့။
သစ်ပင်တွေများ မြင်သွားလိုက်တာ မြင်ကာမျှမတ္တ.. ဒါ ဥပေက္ခာတွေကော။
ဘာပင် ညာပင်တွေလို့ကကော မသိဘူးလား (သိပါတယ်ဘုရား)..
အဲ.. သိကာမျှမတ္တတွေလည်း ဥပေက္ခာဝေဒနာလို့ မှတ်။
ဒီလိုသိခြင်းကြောင့် ခင်ဗျားတို့ အိမ်ယူသွားချင်တဲ့
လောဘကော လာသေးလား (မလာပါဘုရား)
ဒီသစ်ပင်မြင်ရတာ ကျုပ်ဖြင့် စိတ်ကိုပျက်သွားတာပဲ
လာသေးလား (မလာပါဘုရား)။ အေး.. ဒါဖြင့်
မြင်ကာမျှမတ္တ သိကာမျှမတ္တလေးဟာ ဥပေက္ခာချည်း
မှတ်ထားပါဆိုတော့.. နံပါတ် (၁)အတွက်ဟာ အောင်မြင်ပြီလို့ မှတ်ပါ။
ဝေဒနာပေါ်တိုင်း ပေါ်တိုင်း သိလိှု့ရှိရင်
ညတပရိညာစခန်းဖြင့် အောင်မြင်ပါပြီ။ (မှန်လှပါဘုရား)
ကဲ.. ဒါဖြင့် ဒကာဒကာမတို့ သိမှုပြီးရင် ပွားမှုကို လုပ်ကြပါစို့။
ညတပရိညာပြီးရင် တီရဏာပရိညာ။
တီရဏာပရိညာဆိုတာ ဝေဒနာမတွေ့ရဘူး။
ညတပရိညာကသာ ဝေဒနာတွေ့ရမယ်။
တီရဏာပရိညာကျတော့ ဝေဒနာမတွေ့ရဘူး။
ဘာကြောင့် ဝေဒနာမတွေ့တာတုန်းဆိုတော့ ပွားတယ်ဆိုတာ
ဒကာဒကာမတွေ နေ့တိုင်းပြောနေတဲ့ မဂ္ဂင်ငါးပါး.. (မှန်ပါ့ဘုရား)။
ပွားတယ်ဆိုတာ ဘာနဲ့ပွားတာတုန်း.. မဂ္ဂင်ငါးပါးနဲ့ ပွားပါတယ်ဘုရား။
ကိုစံလှတို့ ကိုဝတို့ ရိပ်မိပါသဘား.. (ရိပ်မိပါတယ်ဘုရား)။
အဲ့ဒီတော့ ပွားတဲ့အချိန်နဲ့ သိတဲ့အချိန်ဟာ တခြားစီလို့မှတ်ပါ။
ပွားတဲ့အချိန်သည်ကားဆိုရင် ခုနက ညတပရိညာကို
ရှင်းရှင်းလင်းလင်းပြောရလို့ရှိရင်.. ဒကာဒကာမတို့
ခင်ဗျားတို့ တရားနာလို့ စာတတ်တာပဲရှိသေးတယ်၊
သိမှုပဲရှိသေးတယ်။ တရားနာလို့ စာတတ်တာ ညတပရိညာလို့မှတ်၊ သိမှူ။
ပွားမှုအလုပ်သည်ကား နှလုံးသွင်းမှန်တော့မည်လို့ မှတ်။
ပွားမှုအလုပ်က ဘာတုံး.. (နှလုံးသွင်းမှန်မှုပါဘုရား)
ဒါဖြင့် သိမှုသည် ဒကာဒကာမတို့ တရားနာမှုပါပဲ။
တရားနာလို့ပဲ သိကြတာပေါ့ဗျာ.. (မှန်ပါ့ဘုရား)
တရားမနာရင် သိပါ့မလား.. (မသိပါဘုရား)
အဲ့ဒါကြောင့် သိမှုအလုပ်နဲ့ တစ်ထပ်တည်း ဖြစ်သွားပြီ။
ကောင်းပြီ.. ဒါဖြင့် ရှေ့ဆက်သွားပြီးသကာလ
ပွားမှုအလုပ်ဆိုပါတော့ ခုနက ဝေဒနာကို မတွေ့ဘူးလား၊
ပွားတယ်ဆိုတာ တစ်ခုက တစ်ခု ပွားရတော့မှာကိုး။
ဒီတစ်ခုကို တစ်ခုနဲ့ ပွားရမယ်။ ရှေ့တစ်ခုကို နောက်က
ပွားမှုတစ်ခု မလိုက်ရပေဘူးလား။ ပွားမှုနဲ့ ရှု့မှု အတူတူပဲနော်။
သို့သော် တီရဏပရိညာဟာ ဘာဝေသဗ္ဗကိစ္စဆိုလို့ ပွားမှုသုံးတာပါ။
စင်စစ်တော့ ရှုမှုပါပဲ။ ပွားမှုနဲ့ ရှုမှုဟာ အတူတူပဲလို့
ဆုံးဖြတ်ချက်ချပါ.. (မှန်လှပါဘုရား)။
ကောင်းပြီ.. ဒါဖြင့် ခန္ဓာထဲမှာ နှစ်စိတ်ပြိုင်မပေါ်နိုင်လို့
နှစ်ဝေဒနာ မပေါ်ဘူးဆိုတာလည်း သိမှတ်ပါ။
အရှု့ခံကလည်း ဝေဒနာ၊ ရှု့ဥာဏ်ကလည်း ဝေဒနာပါ။
အဲ့ဒီမှာ ဘယ်မှာ ဝေဒနာ နှစ်စိတ်ပြိုင်မပေါ်ဘူးလို့
ဟောခဲ့သတုန်းဆိုတော့ ရှင်သာရိပုတ္တရာရဲ့တူ ဒီဃနခကို
ဝေဒနာမပြုနိုင်ပုံကို သေသေချာချာ ဟောတော်မူခဲ့တယ်။
ရှေးက ဝက်ကြီးတူးထားတဲ့ သူကရခတဆိုတဲ့ဂူကြီးထဲမှာ
ရှင်သာရိပုတ္တရာကလည်း (ရှင်အဿဇိဆီမှာ သောတာပန်တည်ပြီး)
ဘုရားရှင်ဆီရောက်သွားတယ်။ ဘုရားဆီရောက်သွားတဲ့အခါ
ဘုရားရှင်က နေ့လည်အေးပါတယ်ဆိုပြီး အဲ့ဒီဂူကြီးထဲ
သွားနေပြီးသကာလ ရှင်သာရိပုတ္တရာက နောက်ကနေ
ယပ်ကလေးခပ်ပေးပြီးတော့ နေတယ်။
ဒီဃနခဆိုတာ ရှင်သာရိပုတ္တရာရဲ့တူ.. (မှန်ပါ့ဘုရား)။
ငါ့ဦးကြီးလည်း ရှင်ကြီးဂေါတမနောက်လိုက်သွားတာ
ဘာများဖြစ်တယ်လို့လည်း မသိရဘူး။ ဘာသံမှလည်း မကြားရဘူး။
သတင်းလိုက်မေးအုံးမှ တော်မယ်ဆိုပြီးလိုက်လာတာ
အဲ့ဒီဂူကြီးထဲ ဘုရားရှင်ကထိုင် ရှင်သာရိပုတ္တရာက
ယပ်ခပ်နေတာ သီတင်းသုံးနေကြတာကို တွေ့တယ်။
တွေ့တဲ့အချိန်ကျ ဒီပြင်တရားကို မင်းမရှု့နဲ့ကွာ.. ဒီဃနခ။
ဆိုပြီးသကာလ ဒီဃနခကို ဝေဒနာတရားကို ဟောတယ်။
ဝေဒနာဟာကွာ.. ချစ်သား မှတ်ထားဆိုပြီး..
အရှု့ခံဝေဒနာ ရှိနေလို့ရှိရင် ရှုဥာဏ်ဝေဒနာ မပေါ်ဘူးတဲ့ (မှန်ပါ့ဘုရား)။
အရှုခံဝေဒနာ ချုပ်သွားရင်တော့ ရှုဥာဏ်ဝေဒနာပေါ်တယ်။
အရှု့ခံဝေဒနာ မချုပ်သေးရင် ရှုဥာဏ် ဝေဒနာ မပေါ်နိုင်သေးပါ။
ဝေဒနာဟာ တစ်ခု တစ်ခုသာ ပေါ်တယ်။
သုခဝေဒနာပေါ်ရင် ဒုက္ခဝေဒနာ မပေါ်ဘူး။
ဒုက္ခပေါ်ရင် သုခမပေါ်ဘူး..
သဘောကျပလား (သဘောကျပါတယ်ဘုရား)။
အဲ့ဒီတော့ ဒကာဒကာမတို့ ဒီကဒုက္ခပေါ်နေတယ်။
ဒီက သုခနဲ့ရှုရမှာဖြစ်နေတော့ ဒုက္ခနဲ့သုခ ပြိုင်ကောင်းရဲ့လား..
(မပြိုင်ကောင်းပါဘုရား)။ မဂ်ဆိုတာ သုခချည်းမှတ်ပါ (မှန်ပါ့ဘုရား)။
မဂ်သောမနဿတွေနော်။ နောက်တော့ သဘောနဲ့တကွ
အသေးစိတ် ဘုန်းကြီးရှင်းပြပါမယ်။ အဲ့ဒီလို ဟောရင်းမတ္တနဲ့
ဝေဒနာတွေ ရှိပြီးသကာလ ပွားများတဲ့အချိန်ကျ
ဝေဒနာမတွေ့စေနဲ့.. ဒီဃနခ၊ ခယဝယဆိုတဲ့ ဖြစ်ပျက်တွေ့ပါစေ။
ပွားများတဲ့အချိန် ဘာတွေ့မလဲ (ခယဝယ တွေ့ရပါမယ်ဘုရား)
အဲ.. အပျက်ကို တွေ့ရမယ်နော်။ ဘာကြောင့်တုန်းဆိုတော့
ဒီကပေါ်တာဒုက္ခဆိုတော့ ဒီကရှုနေတာက သုခဖြစ်နေတော့
သုခနဲ့ ဒုက္ခ ပြိုင်ကောင်းရဲ့လား.. (မပြိုင်ကောင်းပါဘုရား)
ဒါဖြင့်.. တစ်ခုချုပ်ပြီးမှ တစ်ခုဖြစ်တယ်ဆိုတော့
ဒီတစ်ခုက ခယဝယ ဖြစ်ရမယ်နော်။
ဒါက ခယဝယကိုမြင်တဲ့ တရားဖြစ်ရမယ်။
ဒါဖြင့် ရှေ့က ခယဝယ၊ နောက်.. (ခယဝယကို မြင်တဲ့ဥာဏ်ပါဘုရား)။
ခယဝယကိုမြင်တဲ့ဥာဏ်ဆိုတော့ မဂ်မဖြစ်ဘူးလား (ဖြစ်ပါတယ်ဘုရား)
သဘောပါကြပလား.. (ပါပါတယ်ဘုရား)၊
ဝေဒနာမပြိုင်တာကော သေချာပါလား (သေချာပါတယ်ဘုရား)။
ဒါဖြင့် ပွားများတဲ့အချိန် ဝေဒနာမပေါ်စေနဲ့လို့
အတိအလင်း ဆုံးဖြတ်ချက်ချပေးလိုက်တယ်။
ပွားများတဲ့အချိန်မှာတော့ ဝေဒနာ မတွေ့ရပါဘူး၊
ဘာတွေ့ရမတုံး.. (ခယဝယကို တွေ့ရပါမယ်ဘုရား)။
အေး.. ခယဝယကိုတွေ့ရမယ်။
ခယ - ကကုန်တာ၊
ဝယ - ကပျက်တာ။
ဝါစာသိလိဋ္ဌ စကားချောအောင် တွဲခေါ်တာ။
စင်စစ် ပျောက်ပြီးသားကို သိရမယ်၊ ပျောက်ပြီလို့သိရမယ်၊
ဒီက ပျက်ပြီလို့ သိရမယ်။ ကောင်းပြီ.. ဤကဲ့သို့
ဒကာဒကာမတွေသန္တာန်၌ ဒီကဲ့သို့အသိတရားဆိုလို့ရှိရင်ဖြင့်
ဝေဒနာတွေ့တာလား.. ? ဝေဒနာရဲ့ပျောက်ပျက်မှုကို တွေ့တာလား..?
(ပျောက်ပျက်မှုကို တွေ့တာပါဘုရား)။
အေး.. ဒီက ပျောက်ပျက်မှု၊ ဒီကသိမှု။
ရှေ့ပိုင်းက ဘာတုန်း.. (ပျောက်ပျက်မှုပါဘုရား)
နောက်ပိုင်းက ဘာတုန်း.. (သိမှုပါဘုရား)
ဒါဖြင့်.. ဟေး.. ဒီအသိ မင်းဘာသိနေတာတုန်းလို့ နာမည်တပ်မေးစမ်း၊
မင်းဝေဒနာ သိတာလား.. ဘာသိတာတုန်း၊
(ပျောက်ပျက်တာ သိတာပါဘုရား) ပျောက်ပျက်တာ သူသိတယ်။
ဥာတပရိညာတုန်းကတော့ ဝေဒနာသိတယ် (မှန်ပါဘုရား)
ပွားများတဲ့အချိန်ကျတော့ ပျောက်ပျက်တာ သိတယ်။
အဲ့ဒါကြောင့် ပရိညာသုံးပါ၊ အင်္ဂုတ္တိုရ်ပါဋ္ဌိမှာ သေချာဟောတယ်။
အဲ့ဒီတော့ ဝိပဿနာမှာ ဤမျှလောက် ခွဲခွဲခြားခြား သိထားရင်ဖြင့်
ဒကာဒကာမတို့ ဘယ်နည်းနဲ့မှ မပေါက်မရောက် မရှိဘူးဆိုတာ
ဆုံးဖြတ်ချက်ချပါ။ ပေါက်ရောက်လိမ့်မယ်လို့ တရားကို ဆက်နာ၊
မနာလို့ရှိရင်တော့ မဖြစ်ဘူး။ တရားလည်းနာ လုပ်လည်းလုပ်။
တရားလည်းနာ လုပ်လည်းလုပ်ဆိုတာ စူဠဝေဒလ္လသုတ်မှာ
သေသေချာချာ ဟောထားပါတယ်နော်။
ကိုင်း.. ဒါဖြင့် ဒကာဒကာမတို့ ပွားများတဲ့အချိန်မှာ
ဝေဒနာနှစ်ခု ပြိုင်သလား.. မပြိုင်ဘူးလား.. (မပြိုင်ပါဘုရား)။
သူသည်ကားဆိုရင် ဘာနဲ့ပြိုင်သတုန်း..
အပျက်နဲ့မဂ်နဲ့သာ ပြိုင်ပါတယ်ဘုရား။
ဒီဟာ အပျက်ဆိုတာလည်း ပျက်ဆဲမတွေ့ဘူးနော်၊
ပျက်ပြီးနဲ့ မဂ် သွားတွေ့တယ်။ ပျက်ပြီးနဲ့မဂ် သွားတွေ့လို့ရှိရင်ဖြင့်
ဒကာဒကာမတို့ မှတ်ရမှာ.. ပျက်ပြီးဆိုတာ ဒုက္ခလည်းဟုတ်တယ်၊
အနိစ္စဆိုတာလည်း ဟုတ်တယ်၊ အနတ္တဆိုတာလည်း ဟုတ်တယ်။
ဟာ.. ဒါဖြင့် ဒကာဒကာမတို့ နှလုံးသွင်း မှန် (မှန်ပါတယ်ဘုရား)
ဒီက အခုမဂ်နဲ့ နှလုံးသွင်းတာကိုး.. သဘောကျပါလား..။
မဂ္ဂင်ငါးပါးက ဘာပါလိမ့်.. (နှလုံးသွင်းပါဘုရား)
အေး.. နှလုံးသွင်းပါပဲတဲ့။ သူနှလုံးသွင်းလိုက်တာက
အပျက်ရှိလို့ အပျက်ပဲ နှလုံးသွင်းမိတယ်၊
အပျောက်ရှိလို့ အပျောက်ပဲ နှလုံးသွင်းမိတယ်။
နှလုံးသွင်း မမှန်ဘူးလား.. (မှန်ပါတယ်ဘုရား)
ခုနက ဝေဒနာကို ဟောထားတယ်၊ ညတပရိညာနဲ့ ဟောထားတယ်။
ဝေဒနာရှိမှန်းကိုလည်း ခင်ဗျားတို့ သိတယ်။
နှလုံးသွင်းလိုက်တဲ့အခါကျတော့ ဝေဒနာတို့ရဲ့အပျက်နဲ့
မဂ်နဲ့လည်းအပျက်ရှိလို့ အပျက်သိနဲ့ ကိုက်ညီသွားပြီလို့ရှိရင်ဖြင့်
ဒါဟာ သောတာပန် တည်ရမယ့်ဥစ္စာ ဘာမှငြင်းနေဖို့ မလိုတော့ဘူး။
အင်မတန် အဖိုးတန်သွားပြီ ဒကာဒကာမတို့။
အင်မတန် အဖိုးတန်သွားပြီလို့ လေးလေးနက်နက် မှတ်သားရမယ်။
ကဲ.. ဒါဖြင့် နောက် တီရဏပရိညာပွားများရမည်ဆိုရင်ဖြင့်
ဒကာဒကာမတို့ အပျက်နဲ့မဂ် ကိုက်အောင်သာ လုပ်ပြနေပါ (မှန်ပါဘုရား)။
ဝေဒနာသုံးပါးက အပျက်တွေချည်း မပြပေဘူးလား (ပြပါတယ်ဘုရား)။
အပျက်တွေ ပြတိုင်းပြတိုင်းကိုလည်း ဒီက ဒကာဒကာမတွေ နှလုံးသွင်းက
အပျက်ကိုပဲ သိသိပေးနေစမ်းပါ။ ဘယ်လိုလုပ်ရမတုံး…
(အပျက်ကို သိသိပေးနေရပါမယ်ဘုရား)။ သိသိပေးလိုက်တဲ့အခါကျရင်ဖြင့်
အပျက်မဂ် အပျက်မဂ်ဆိုပြီး သွားလိုက်စမ်းပါ။
အဲ့ဒါ နှလုံးသွင်း ဘယ်နှယ့်နေတုန်း.. (မှန်ပါတယ်ဘုရား)။
ဒါဖြင့်.. ဝေဒနာလို့လည်း ဝေဒနာမှန်း သိခဲ့ပြီ။
တရားနာလို့လည်း ဝေဒနာမှန်း သိခဲ့ပြီ။ ဝေဒနာဟာ
ကိုယ့်စရိုက်နဲ့ လျော်တယ်ဆိုတာ ထားပါတော့..
လျော်တဲ့ပုဂ္ဂိုလ်မှာနော် နှလုံးသွင်းက ဘာလိုတုန်း.. ။
ကိုယ်နဲ့လျောက်ပတ်တဲ့ တရားလည်းနာမှု၊
နှလုံးသွင်းကလည်း အပျက်သိလို့ အပျက်သိမှုဆိုလို့ရှိရင်
ဒီပုဂ္ဂိုလ် သောတာပန်တည်ရမယ်၊
သဘောကျပါလား (သဘောကျပါတယ်ဘုရား)။
သိကြားမင်းကို ဒီလိုပွားများရမယ့်ဥစ္စာ ဟောလိုက်တယ်။
ကိုင်း.. အခု ပွားများလိုက်တဲ့အခါကျတော့
ဝေဒနာသုံးပါးတွေ့နေသလား၊ အပျက်ချည်းပဲ တွေ့နေသလား၊
(အပျက်ချည်းပဲတွေ့နေပါတယ်ဘုရား)။
အပျက်ချည်းပဲတွေ့နေမယ်ဆိုရင် ဒကာဒကာမတို့ ရိုးရိုးပြောကြပါစို့..
အပျက်တွေ့လို့ရှိရင် ဥာဏ် - ၃ - ဥာဏ် တစ်ခါတည်းဝင်လာတယ်နော်။
အပျက်တွေ့လို့ရှိရင် သမ္မသနဥာဏ်လည်း ဝင်တာပဲ။
ဥဒယဗ္ဗယဥာဏ်လည်း ဝင်တာပဲ။
အပျက်တွေပေါ့.. ဘင်္ဂဥာဏ်လည်း ဝင်နေတာပါပဲ။
ဒါကြောင့် ဒီသုံးခု ပေါင်းပြီးသကာလ ဘုရားရှင်က
အဲ့ဒါ ယထာဘူတဥာဏ် ရတာပါပဲတဲ့။
အပျက်နဲ့မဂ် တွေ့လို့ရှိရင် ဘာဥာဏ်ရသလဲ..
(ယထာဘူတဥာဏ် ရပါတယ်ဘုရား)။
အဲ့ဒီ ယထာဘူတဥာဏ်ကို ဖြန့်လိုက်လို့ရှိရင်
ဆိုင်းဘုတ်ဆွဲလို့ရှိရင် သမ္မသနဥာဏ်လည်း သူပဲ
ဥဒယဗ္ဗယဥာဏ်လည်း သူပဲ၊ ဘင်္ဂဥာဏ်လည်း သူပါပဲ။
ဒီသုံးခုပေါင်းရင် ယထာဘူတဥာဏ်လို့ ခေါ်လိုက်။
“ဥာဏ်သုံးခုပေါင်းလိုက်ရင် ယထာဘူတဥာဏ်”
သမ္မသနဥာဏ်ဆိုတာလည်း အပျက်သုံးသပ်တာပဲ။
ဥဒယဗ္ဗယဆိုတာလည်း အဖြစ်နဲ့အပျက်ဆိုတာလည်း ဒါပဲကွ။
နောက်ဆုံးပိတ် တစ်နေ့ကျတော့ အပျက်ချည်း မြင်ပါတယ်ဆိုတာ
သေသေချာချာမှန်တာ ‘နာမ် ရုပ် တရား’ မှာပါ။
ဒါကြောင့် ဒီဥာဏ်တွေကို ပေါင်းခေါ်ရင် ဘာတဲ့.. (ယထာဘူတဥာဏ်ပါဘုရား)
ဖြန့်ခေါ်ရင်… ‘သမ္မသန၊ ဥဒယဗ္ဗယ၊ ဘင်္ဂ ’ လို့ခေါ်။
အေး.. ခင်ဗျားတို့က အပျက်မြင်ပါပြီဆိုလို့ရှိရင်ဖြင့်
တလုံးတည်းမှတ်ထားလိုက် ယထာဘူတဥာဏ်လို့ပေါ့။
ကဲ.. ဒါဖြင့် ဒကာဒကာမတို့ ဒီလိုအပျက်ချည်း မြင်နေပြီးသကာလ
ရှုဖန်မများပေဘူးလား.. (များပါတယ်ဘုရား)
သူက တီရဏပရိညာကိုး.. ပွားရမှာကိုး။
တီရဏပရိညာ ပွားများမှုအလုပ် များများလုပ်ရမယ်ဆိုတော့
ကိုစံလှတို့ ကိုဝတို့ လျော့လို့ရပါ့မလား. (မရပါဘုရား)။
ပွားများရမယ်.. သူ့ဘာဝေသဗ္ဗကိစ္စကိုးနော် (မှန်ပါ့ဘုရား)။
ပွားများတဲ့အခါဆိုရင်ဖြင့် ဒီဟာကြီးကို သြော်…
အပျက်ချည်းမြင်နေရတော့ အိမ်ရှေ့မသာတွေချည်း
ထမ်းသွားတော့ မကြည့်ချင်သလို ဒီမှာလည်း အပျက်ချည်း
မြင်နေရတော့ ကြည့်ချင်သေးရဲ့လား..(မကြည့်ချင်ပါဘုရား)။
မကြည့်ချင်တော့ ဘုန်းကြီးက အရင်ပြောတယ်၊
နိဗ္ဗိန္ဒဥာဏ် မပြောပေဘူးလား။
မကြည့်ချင်အောင် မုန်းလာတာဘာတုန်း.. (နိဗ္ဗိန္ဒဥာဏ်ပါဘုရား)။
အေး.. နိဗ္ဗိန္ဒဥာဏ်ထဲမှာ အာဒီနဝတို့ အကုန်ပါသွားတာပဲ။
ဘင်္ဂပြီးတော့ ဘယမရှိဘူးလား.. ၊ အာဒီနဝ မရှိဘူးလား၊
နိဗ္ဗိန္ဒ မရှိဘူးလား။ အဲ့ဒီမှာ သုံးဥာဏ် ပါသွားတာပဲနော်။
နိဗ္ဗိန္ဒထဲ ဝင်လာတာပဲနော်။ သဘောကျပါလား..။
ဒါဖြင့် ဘယ အာဒီနဝ ဟာလည်း နိဗ္ဗိန္ဒထဲ ဝင်တယ်လို့မှတ်။
ဒါကြောင့် ဖြစ်ပျက်မြင် ဖြစ်ပျက်မုန်းဆိုပြီး ဘုန်းကြီး ချုံးထားတယ်
ဆိုတာကော တရားသဘောနဲ့ကိုက်အောင် ချုံးထားလိုက်တယ်။
ဟိုဥာဏ်စဉ်တွေ မပြောတော့ဘူး..။ ဘာလို့တုန်းဆိုတော့
ယထာဘူတဥာဏ်ထဲ ဥာဏ်သုံးဥာဏ် ဝင်လာပြီ၊
နိဗ္ဗိန္ဒဥာဏ်ထဲလည်း သူနဲ့တကွ သုံးဥာဏ်မဖြစ်ပေဘူးလား။
ကိုင်း.. ဒါဖြင့် ဒကာဒကာမတို့ အပျက်နဲ့မဂ် ကိုက်ကိုက်သွားတာဖြင့်
#ဘာဝေသဗ္ဗအလုပ်ပဲဆိုတာ ရှင်းလင်းမသွားပေဘူးလား။
ကောင်းပြီ.. မုန်းပေမယ့် ဆရာဘုန်းကြီးက
အို.. ခင်ဗျားတို့ အပျက်ကလေးတွေကို မုန်းတယ်၊
မုန်းပေမယ့်လည်း ရှု့မြဲတိုင်းရှု့၊ မုန်းနေလို့လည်း ခင်ဗျားတို့ မပြီးဘူး။
ဒီခန္ဓာက ပြနေမှာပဲ။ ဥာဏ်နဲ့သာ ထည့်ထား။
မုန်းတဲ့ပုဂ္ဂိုလည်း မပြပေဘူးလား (ပြပါတယ်ဘုရား)
ဒါဖြင့် ဒကာဒကာမတို့ မုန်းလျက်နဲ့ ပေရှု့နေရတဲ့အချိန် မပါပေဘူးလား၊
အေး.. တချို့က မုန်းတယ်ဆိုပြီးသကာလ အလုပ်လုပ်တဲ့ပုဂ္ဂိုလ်တွေက
မရှု့ချင်ဘူးဆိုပြီး ထပြေးရင် ခုနက ‘သမ္မသန၊ ဥဒယဗ္ဗယ၊ ဘင်္ဂ’ ပြန်စနေရလိ့မ်မယ်။
ယထာဘူတာဥာဏ်က ပြန်ပြီး စနေရလိ့မ်မယ်။
ဒါကြောင့် အလုပ်လုပ်တဲ့ပုဂ္ဂိုလ်များဖြင့် ပြန်စရတဲ့
အခြေအနေကျအောင် ခင်ဗျားတို့ တစ်ခါတည်းနဲ့ပြီးရမှာ။
နှစ်ခါသုံးခါဖြင့် အပင်ပန်းမခံပါနဲ့။ မုန်းပေမယ့်လည်း
ဆိုက်ဆိုက်မြိုက်မြိုက် ပေသာရှု့နေ။
ဥာဏ်တက်ချင်လို့ မုန်းတာကိုးးး
ကိုစံလှ ကိုဝတို့.. သဘောကျပါလား (ကျပါတယ်ဘုရား)
ဥာဏ်တက်ချင်လို့မုန်းတာကို ကျုပ်တို့က ပျင်းလာပြီ
ဘာပြုလာပြီဆိုလိုရှိရင် ဥာဏ်ပြန်ကျပြီး ကောသဇ္ဇတွေ
ဘာတွေဝင်လာလို့ရှိရင် ဥာဏ်ကပြန်ပြီး သမ္မသန ပြန်ရောက်မယ်။
ယထာဘူတဥာဏ် ပြန်ဆင်းသွားတယ်။ မနာပေဘူးလား..
(နာပါတယ်ဘုရား)။ အင်မတန် နစ်နာပါတယ်တဲ့။
ဒါကြောင့် ပြန်ပြီးမဆင်းပါနဲ့ဆိုတာကိုလည်း အလုပ်လုပ်မယ့်
ပုဂ္ဂိုလ်တွေမို့ သေသေချာချာ မှာနေရတယ်။
ကိုင်း.. ဒါဖြင့် မုန်းလျက်နဲ့ ပေရှု့နေတော့ကို မုန်းတဲ့အထဲကပဲ
ဒကာဒကာမတို့ လွတ်ချင်တာတွေ။ လွတ်ချင်တာတွေဆိုကတည်းက
ကိုစံလှ စဉ်းစားကြည့်ပါ.. သြော်.. ဘာမှလွတ်ချင်တာတုန်းဆိုတော့
#မလိုချင်တဲ့ မဂ်ဥာဏ်ထဲ သူဝင်တော့မယ်။
မဝင်ပါနဲ့ဆိုလို့ ရပါ့မလား (မရပါဘုရား)။
မုန်းလာတဲ့ပုဂ္ဂိုလ်ဟာ ဥာဏ်စဉ်အတိုင်း တက်ရမယ်ဆိုရင်
‘မုဥ္စိတုကမျတာဥာဏ်’ ဒီအတိုင်း မလာဘူးလားနော်။
လွတ်ချင်လာတယ်ဆိုတော့ ဒါကိုလိုချင်တဲ့သဘော မပါဘူးလား။
ဒါကြောင့် ‘မုဥ္စိတုကမျတာဥာဏ်၊ ပဋိသင်္ခါဥာဏ်၊
သင်္ခါရူပေက္ခာဥာဏ်၊ အနုလောမဥာဏ်’ တွေဟာ မဂ်ဥာဏ်ကို
ကျေးဇူးပြုသောကြောင့် မလိုချင်တဲ့ဥာဏ်ကြီးလို့ မှတ်လိုက်။
မဂ်ဥာဏ်ထဲ အကုန်ဝင်သွားတာပဲနော်။
သဘောကျပါလား (ကျပါပြီဘုရား)။
ဒါကြောင့် ယထာဘူတဥာဏ်၊ နိဗ္ဗိန္ဒဥာဏ်၊
မလိုချင်တော့တဲ့ မဂ်ဥာဏ်ဆိုတရင်.. ဒါပြီးတာပါပဲ။
အကုန်ဝင်တယ်ဆိုတာ သဘောပါပလား။ ကဲ… ဒါကြောင့်
ဒကာဒကာတွေ အားလုံးတော့ဖြင့် သုံးဥာဏ်နဲ့သာ တက်လိုက်ဆိုတဲ့
ဟိုဥာဏ်စဉ်တွေ အတွင်းဝင်တယ်လို့သာ မှတ်လိုက်ပေါ့။
သုံးဥာဏ်ဆိုတာက.. နံပါတ် (၁) က ယထာဘူတဥာဏ်၊
နံပါတ်(၂)က နိဗ္ဗိန္ဒဥာဏ်၊ နံပါတ်(၃)က မဂ်ဥာဏ်ပါ။
ဒီနေ့.. ဥာဏ်စဉ်ကိုလည်း တိုးပြီးသကာလ.. ဒီအထဲ ဒီအထဲ..
ဒါတွေဝင်သွားတယ်ဆိုတာ သိသွားပြီးသကာလ
ကျေကျေနပ်နပ်ပဲ ဥာဏ် သုံး ဥာဏ် သာလုပ်ကြ။
ဒါဖြင့် … ပွားများရမယ့်ကိစ္စပြီးလို့ရှိရင်ဖြင့် ပယ်မှုကိစ္စ
မလာရပေဘူးလား။ ပယ်မှုကိစ္စဆိုတာ မနေ့က ပြောခဲ့ပြီးပြီ
ဒကာဒကာမတွေ ဝိပဿနာဥာဏ်ဟူသရွေ့ဟာ မဂ်ဥာဏ်
မလာသေးသ၍ ယထာဘူတာဥာဏ် နိဗ္ဗိန္ဒဥာဏ်တို့ဟာ
တဏှာသာစွန့်တယ်။ နိဗ္ဗာန်မမြင်ပါဘူးလို့
မနေ့က မဟောထားပေဘူးလား။ ပယ်မှုဥာဏ်နဲ့
လာတဲ့အခါကျတော့မှ တဏှာလည်းစွန့်၊ ခန္ဓာလည်းစွန့်၊
နိဗ္ဗာန်လည်းမြင်.. (မှန်ပါ့ဘုရား)။ အေး.. ပယ်မှုဥာဏ်ကျမှ ရမယ်။
ဒါကြောင့် ဖြစ်ပျက်တွေ = ခယဝနတွေကို ဒကာဒကမတွေ
ဆုံးအောင်သာ လိုက်ကြပေတော့။ အေး.. ဆုံးအောင်လိုက်၊
လိုက်တဲ့အခါကျလို့ရှိရင်ဖြင့် ခယဝနအဆုံးဆိုတာ
ခယဝနဆိုတာ ကုန်တာဆုံးတာ၊ ကုန်တာဆုံးတာ
ပျောက်သွားတဲ့အခါကျရင် မကုန်မပျောက်တာ တွေ့ရမှာပဲ။
မကုန်မပျောက်တာ ဘာခေါ်သလဲ.. (နိဗ္ဗာန်ပါဘုရား)။
အေး.. နိဗ္ဗာန်ကျတော့မှ ခန္ဓာလည်း လုံးလုံးပယ်တယ်၊
တဏှာလည်း လုံးလုံးပယ်တယ်။ သောတာပန်နဲ့ပတ်သတ်တဲ့
ဒိဋ္ဌိတဏှာတွေ လုံးလုံးပယ်ချလိုက်တယ်။
နိဗ္ဗာန်ကော… မြင်ပါပြီ၊ အဲ့ဒါကျ ပဟာနပရိညာ..။
သဘောကျပါလား..။
ဟိုဟာတွေက တဒင်္ဂပယ်လို့ ‘ပဟာနပရိညာ’ထဲ မသွင်းဘူး။
တီရဏပရိညာလို့သာ ဟောလိုက်တယ်။ ဒီဖြစ်ပျက်တွေ ဆုံးမှ
ခန္ဓာလည်းပယ်တယ်၊ တဏှာလည်းပယ်တယ်၊ နိဗ္ဗာန်လည်းမြင်တယ်။
နောက်ထပ် လာသေးလား.. ပယ်ပြီးသားတွေ၊ မလာဘူး။
အဲဒီခါကျတော့ ‘ပဟာနပရိညာ’လို့ ဆိုလိုက်ပါတယ်။
ဒါဖြင့် ဆုံးအောင်လိုက်ရင် ပဟာနပရိညာဖြစ်မယ်။
အဲ့ဒီမှာ သောတာပန် တည်တယ်။
သောတာပတ္တိမဂ်ပြီးရင် သောတာပတ္တိဖိုလ် လာတာပါပဲ။
မဂ်ပုဂ္ဂိုလ် ဖိုလ်ပုဂ္ဂိုလ် မဖြစ်ချင်လို့တောင် မရပါဘူး။
ဒါဖြင့် ဒကာဒကာမတို့ နိဂုံးချုပ်တော့မယ်။
အစကပြန်ပြီး နည်းနည်းပြောကြည့်ရအောင်။
သောတာပန်တည်ချင်ရင် ဘယ်နှချက် အရေးတကြီး
လုပ်ရမလဲ..?
နံပါတ် (၁) ကိုယ်နဲ့လျောက်ပတ်တဲ့တရားကို နာပါ။
နံပါတ် (၂) နှလုံးသွင်းမှန်ရပါမယ်။
ဤနှစ်ခုနဲ့သာပြည့်စုံရင် ဘာဖြစ်မလဲ..
(သောတာပန် ဖြစ်ပါမယ်ဘုရား)
သောတာပန်တည်ရမယ်ဆိုတာ ဘုရားကလည်းဟော၊
ရှင်သာရိပုတ္တရာကလည်းဟော၊ ရှင်အာနန္ဒာကလည်း ဟော၊
သုံးပါးလုံးဟောတဲ့အတွက် သံသယကင်းကင်းရှင်းရှင်းနဲ့
ကြိုးစားကြပါ.. (မှန်ပါဘုရား..)
ရှင်းပြီလား.. (ရှင်းပါပြီဘုရား)။
ကဲ.. ကနေ့.. ဒီတွင် တော်ကြအုံးစို့..။
သာဓု သာဓု သာဓု။
(✏ ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး)
{“သောတာပန်ဖြစ်ဖို့ နှစ်ချက်” (ဝေဒနာနုပဿနာရှုနည်း) စာအုပ်၊
PDF ဖိုင်မှဒေါင်းပြီး၊ စာမျက်နှာ ၂၅ မှ ၄၇ အထိ
ကောက်နှုတ် ရေးသားချက် ဖြစ်ပါသည်။}
ထိုစာအုပ်အား ဒေါင်းပြီး ဖတ်ရှု့ချင်လျှင် Link -> ဖိုင်ဆိုဒ်- 5 MB
Download Link- http://pc.cd/T3CctalK
ကျမတင်ထားသော မည်သည့်တရားပို့စ်ကိုမဆို မည်သူမဆို
လွတ်လပ်စွာ ကူးယူ၊ မျှဝေ၊ ထပ်ဆင့်၊ ဓမ္မဒါန ပြုနိုင်ပါသည်။
ပြုရဓမ္မဒါနအားလုံးသည် နိဗ္ဗာန်ရောက်ကြောင်း အကြောင်းအထောက်အပံ့ မလွဲမသွေဖြစ်ပါစေဘုရား။
PS - ဥာဏ်စဉ်ဆယ်ပါးအကြာင်းသိလိုလျှင် တင်ထားတဲ့အယ်ဗန်မှာ ရှာဖွေဖတ်ရှု့ပါ။
0 comments:
Post a Comment